DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲကြောင့် စစ်ရှောင် ၁၀၀၀ ကျော် ပိတ်မိနေ
DVB
·
May 23, 2025
ဖားကန့်တွင် တိုက်ပွဲကြောင့် စစ်ရှောင် ၁၀၀၀ ကျော် ပိတ်မိနေ
Donate to DVB

ဖားကန့်သွားလမ်းပေါ်က တိုက်ပွဲတွေကြောင့် တောတောင်ယာခင်းတွေထဲ ပိတ်မိနေတဲ့ စစ်ရှောင် ၁၀၀၀ ကျော်ရှိနေပြီး လုံခြုံတဲ့နေရာကို အမြန်ဆုံးရောက်နိုင်ဖို့ လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။ 

ကချင်ပြည်နယ် ဖားကန့်သွားလမ်းပေါ်က လဝါးနဲ့ နန့်ယားကျေးရွာအနီးတဝိုက် စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းတပ်တွေနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်လာတာကြောင့် ဖားကန့်လမ်းမတစ်လျှောက်မှာရှိတဲ့ လဝါး၊ နန့်ယား၊ ကပ်မှော်၊ ဆိုင်းဖရာ၊ နမ်တိန်၊ လုန်ဘရာ၊ ခွန်ဆိုင်ဇွပ်နဲ့ စဘော့တိုက စစ်ဘေးတိမ်းရှောင်တဲ့ ဒေသခံ ၂၅၀၀ ကျော်အထိ ရှိလာပြီလို စစ်ရှောင်ကူညီပေးနေသူတွေဆီက သိရပါတယ်။

နီးစပ်ရာတောတောင်ယာခင်းတွေထဲ တိမ်းရှောင်နေတဲ့ စစ်ရှောင် ၁၀၀၀ ကျော် ကျန်နေသေးပြီး လုံခြုံတဲ့နေရာ အမြန်ဆုံးရောက်နိုင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်ကူညီပေးနေသူတယောက်က ပြောပါတယ်။

“တောထဲကတော့ အရင်ကစာရင်းထဲကနေ အယောက် ၂၀-၃၀လောက်တော့ လျော့ပြီ။ ဒါပေမဲ့ အဲ့ဒီမှာ ထောင်ဂဏာန်းလောက်တော့ ရှိနေသေးတယ်။ တောထဲရှောင်တိမ်းနေသူတွေက ပိုခက်ခဲကြတယ်။ နေမကောင်း နာမကျန်းဖြစ်ရင် ဆေးဝါးပစ္စည်းမရှိလို့ တောထဲတိမ်းရှောင်နေသူတွေထဲက ၂ ယောက်ဆုံးသွားပြီ။ တလောက ကက်သလစ်ဆရာတော် နော်ဒင်း ဆုံးသွားတယ်။ ၂၂ ရက်နေ့က ဦးနမ်ခါးဇော်ထွယ် တောထဲမှာ နာမကျန်းဖြစ်ပြီး ဆုံးတယ်။ ဒါကြောင့် တောထဲတိမ်းရှောင်နေတဲ့ စစ်ရှောင်တွေ အမြန်ဆုံး လုံခြုံတဲ့နေရာကို ရောက်နိုင်ဖို့အတွက် အရမ်းအရေးကြီးနေတယ်။”

ဖားကန့်ဒေသက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ KPDF  ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေတွေပြန်ရဖို စစ်ကောင်စီတပ်က ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း၊ အင်းတော်ကြီးဒေသကနေ ဖားကန့်ဘက်ကို အင်အားထောင်ချီနဲ့ ထိုးစစ်ဆင်နေတာပါ။

ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း– ဖားကန့်လမ်းကနေ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့ စစ်ကြောင်းဟာ လေကြောင်းအကူနဲ့ မေလ ၇ ရက်နေ့မှာ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်သွားနိုင်ခဲ့ပြီးနောက် တံတားညီနောင်နဲ့ ပျားအုံအထိ ရောက်ရှိလာပြီး KIA ရဲ့ ပိတ်ဆိုတိုက်ခိုက်ခံရတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာပါ။  

ဖားကန့်လမ်းတလျှောက်မှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီစစ်ကြောင်းတွေ နေရာဖြန့်ကြက် နေတဲ့အတွက် တောထဲမှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေအနေနဲ့ လုံခြုံတဲ့နေရာကို သွားရောက်နိုင်ဖို့အတွက် ပိုပြီး အခက်တွေ့နေကြပါတယ်။

စစ်ဘေးရှောင် ကူညီပေးနေသူတယောက်က “လုံခြုံတဲ့နေရာကို ရောက်ဖို့ဆိုတာက တောထဲက ထွက်လာမယ်ဆိုရင် စကစစစ်သားတွေက နေရာအနှံ့ဖြန့်ကြက်ပြီးနေနေတာ ဖြစ်တဲ့အတွက် တွေ့ရင် ဖမ်းဆီးပြီး နန့်ယားဘုန်းကြီးကျောင်းမှာထားတယ်။ တချို့ အိမ်ပြန်ကြည့်သူတွေ ဖမ်းခံရတယ်။ ဖမ်းဆီးခံရသူတွေတော့ ပြန်လွတ်လာပြီလို့တော့ ကြားတယ်။ စကစ က နန့်ယားရွာထဲမှာတော့ အထိုင်မချဘူး။ ဒါပေမဲ့ အခုက တိုက်ပွဲပြင်းထန်နေသေးတာ ဖြစ်သလို စကစဘက်ကလည်း စစ်ကြောင်းထိုးနေသေးတာ ဖြစ်တဲ့အတွက် နန့်ယားမှာက အရင်လိုပြန်သွားနေတာတော့ မရှိသေးဘူး။ တောထဲမှာ တိမ်းရှောင်နေတဲ့သူတွေက လုံခြုံတဲ့နေရာကို ပြောင်းရွှေ့တာတော့ မရှိသေးဘူး။ ဘာလို့လဲဆိုတော့ ဖားကန့်လမ်းဘက် တိမ်းရှောင်မယ်ဆိုရင်လည်း စကစတပ်တွေက ပျားအုံနဲ့ နမ့်တိန်းကြားက ရုံးတောင်မှာ နေနေကြတယ်။ အဲဒီစစ်ကြောင်းကို လာကြိုတဲ့ စစ်ကြောင်းကလည်း ၂၂ ရက်နေ့ မနက်ပိုင်းမှာ လယ်ပြင်ယမ်းချက်စက်ရုံက ထွက်လာကြတယ်။ ဒါကြောင့် ၅ မိုင်၊ ၆ မိုင်မှာ တိုက်ပွဲဖြစ်လိုက်သေးတယ်။ ဖားကန့်ဘက်ကို ထွက်လာမယ်ဆိုရင်လည်း စကစစစ်ကြောင်းတွေ ရှိနေတယ်။ လွယ်ဆိုင်ရွာဘက်ဆိုရင်လည်း ကားမိုင်းစစ်တပ်က ထပ်ရှိနေတော့ အဲလို အခက်အခဲတွေ ဖြစ်နေကြတယ်။ တောထဲတိမ်းရှောင်နေတဲ့သူတွေ သွားခေါ်ဖို့ကလည်း တော်တော်ခက်ခဲနေတယ်။ မြစ်ကြီးနားဘက်ဆင်းမယ်ဆိုရင်လည်း လဝါးလမ်းက သွားလို့မရဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖားကန့်သွားလမ်းပေါ်က တိုက်ပွဲတွေကြောင့် နန့်ယား၊ ကပ်မှော်၊ နမ့်တိန်၊ လုန်ဘရာ၊ ဆွတ်ကြိုင်၊ ဆိုင်းဖရာ၊ ဆွတ်အောင် စတဲ့ကျေးရွာတွေကနေ ဖားကန့်မြို့တဝိုက်ကို တိမ်းရှောင်လာတဲ့ စစ်ရှောင်ဦးရေ ၁၄၀၀ ကျော်အထိ ရှိနေတယ်လို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) က ကောက်ယူထားတဲ့ စာရင်းတွေအရ သိရပါတယ်။

“ဖားကန့်ဘက်မှာ တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေကတော့ ကလေးတွေ ကျောင်းဖွင့်ချိန် ရောက်လာပြီဖြစ်တဲ့အတွက် အဲဒီအတွက် အရေးတကြီး သူတို့ စိတ်ပူနေကြတာပေါ့။ မိသားစု ဆွေမျိုးသားချင်းတွေ တကွဲတပြားတိမ်းရှောင်ကြတော့ တောထဲတိမ်းရှောင်သူတွေနဲ့ အဆက်အသွယ်မရတော့ အချင်းချင်း စိတ်ပူနေကြတာပေါ့။ တိမ်းရှောင်လာတဲ့သူတွေကို KBC က နေရာချထားပေးတယ်ဆိုပေမဲ့ တအိမ်ထောင်ချင်းစီ မဟုတ်ဘဲ ဟောခန်းလိုမျိုးမှာ စုပြီးနေနေရတာဆိုတော့ ရေရှည်တော့ မလွယ်ကူလောက်ဘူး။ စားဖို့သောက်ဖို့ မစိုးရိမ်ရသေးဘူးဆိုပေမဲ့ သုံးစွဲမယ့်ငွေမရှိရင်တော့ အခက်အခဲတွေ များလာနိုင်တယ်” စစ်ဘေးရှောင် ကူညီပေးနေသူက ပြောပါတယ်။

ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို KIA ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြိုဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတာပါ။

ဒါ့အပြင် အင်းတော်ကြီး – ဖားကန့်လမ်းကြောင်းကနေတက်လာတဲ့ စစ်အင်အား ၅၀၀ ခန့်ကလည်း  စစ်ကြောင်းနှစ်ဖွဲ ခွဲပြီး နန့်မွန်း-ချောင်းဝလမ်းအပြင် နောက်ထပ် နန့်မွန်း-မိုင်းနောင်-ဂွေခါ လမ်းဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို KIA စစ်ရေးသတင်းရင်းမြစ်က သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြိုထဲဝင်ရောက်နိုင်တဲ့ ကားမိုင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး- ဖားကန့်လမ်း၊ ဖားကန့်-ဆယ်ဇင်း-တာမခံ လမ်းကြောင်းတွေကနေ ထိုးစစ်ဆင်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ဖားကန့်သွားလမ်းမှာ စစ်ရေးတင်းမာနေတာ တလကျော် ကြာမြင့်လာပြီ ဖြစ်ပါတယ်။  

ဟန်န

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013