Home
မြန်မာသတင်း
တောင်သာမြို့နယ် ရုံးပင်လေးရွာကို စစ်တပ်က ဗုံးကြဲသဖြင့် နေအိမ်များမီးလောင်
DVB
·
May 23, 2025

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းက ရုံးပင်လေးရွာကို မေ ၂၂ ရက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “စက်တပ်လေထီးက ၃ စီးနဲ့ ရွာပေါ်ကနေ ပတ်ပြီး ဗုံးသီးတွေချတာ။ အဲဒီ စက်တပ်လေထီး ၃ စီးက မိတ္ထီလာ လေတပ်စခန်းဌာနချုပ်ကနေ တက်လာတဲ့ စက်တပ်လေထီးတွေဗျ။ မနက် ၄ နာရီကျော် ကတည်းက ကျနော်တို့နယ်တွေဘက်ကို ပတ်ပြီး ပျံနေတာ။‌‌ သူတို့ယာဉ်တွေ ပျံနေကတည်းက တရွာရွာကို ချမယ်ဆိုတာ ကြိုတွေးထားပြီးသားပါ။ အဲဒါကြောင့် လူတွေက ကြိုပြင်ဆင်ချိန်ရသွားတယ်။ သူတို့ချတဲ့ ဗုံးတွေက မီးလောင်ဗုံးတွေ ဖြစ်တာကြာင့် ကျနော်တို့ရွာထဲက အိမ်တွေ အတော်များများ အကုန်မီးလောင်တယ်။ ကျနော်တို့လည်း ရွာထဲမဝင်ရဲသေးဘူး။ လူတွေလည်း အခုထိ တောတောင်တွေထဲ ထွက်ပြေးနေကြရတယ်” လို့ DVB ကို ပြောပါတယ်။

တောင်သာမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ ရုံးပင်လေးရွာဟာ အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၈၀၀ ဝန်းကျင် နေထိုင်ကြတယ်လို့ သိရပါတယ်။

ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “ဗုံးက ၁၄ လုံး ကြဲချတာ။ ဒေသခံတွေ ထိခိုက်မှုမရှိပေမဲ့ လူနေအိမ် ၅ လုံး၊ ဘုန်းကြီးကျောင်းဝင်းထဲက သိမ်တလုံးနဲ့ ကားတစီး ပျက်စီးခဲ့တာပဲ။ ဗုံးကြဲတာက ရွာတောင်ပိုင်းနဲ့ အရှေ့မြောက်ပိုင်းက နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေထဲ ကြဲချသွားတာ” လို့ ပြောပါတယ်။

ရုံးပင်လေးရွာကို စစ်တပ်က ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကလည်း တကြိမ် အခုလို စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတယောက် သေဆုံးပြီး ကလေးငယ်တယောက် ဒဏ်ရာရခဲ့သေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024