
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်မှာ အောက်တိုဘာ ၂၂ ရက်ညက မြန်မာနိုင်ငံဘက်ခြမ်း တိုက်ပွဲက ကျည်ဆန်တွေ ကျလာပြီး နေအိမ် ၂ လုံး ထိခိုက် ပျက်စီးသွားတယ် လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြန်မာဘက်ခြမ်း၊ မြဝတီခရိုင်ထဲမှာ စစ်အာဏာရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)တို့ကြား တိုက်ပွဲတွေဟာ တနှစ်ကျော်ကြာမြင့် လာခဲ့ပေမဲ့ မပြီးဆုံးနိုင်သေးဘဲ မနေ့ညကလည်း ပစ်ခတ်တိုက်ခိုက်သံတွေကို မဲဆောက်ဘက်ခြမ်းကပါ ကြားနေရတယ်လို့ ဒေသခံက သတင်းထောက်ကို ပြောပါတယ်။
ကရင်တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေးစတဲ့ ကျေးရွာတွေကို စစ်အာဏာရှင်တပ်က ပြန်လည်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတာမှာ လက်နက်ကြီး လက်နက်ငယ်တွေအပြင် ဒရုန်းတွေနဲ့ရော၊ တိုက်လေယာဉ်တွေပေါ်ကနေပါ ဗုံးကြဲချနေတာ ရှိတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီက ပစ်ခတ်သံတွေကို အဆိုပါနေရာနဲ့ မျက်နှာချင်းဆိုင် သောင်ရင်းမြစ်တဘက်ကမ်းက နယ်စပ်နေ ထိုင်းပြည်သူတွေဟာ တနှစ်ပတ်လုံးကြားနေရာတာကြောင့် ဒုက္ခခံနေရတယ်၊ မနေ့ညပိုင်းကလည်း ၆၀ မမ လက်နက်ကြီးကျည် တလုံးဟာ မဲဆောက်မြို့နယ်၊ မဟာဝမ်းကျေးရွာ နယ်မြေ ၇ ရပ်ကွက်ထဲ ကျရောက်ပြီး နေအိမ် ၂ လုံး ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။
အဆိုပါအိမ်ထဲမှာ လက်နက်ကြီးကျည်အပိုင်းအစတွေ ပြန့်ကျဲနေပြီး သွပ်ခေါင်မိုးတွေ ပေါက်သွားတယ်၊ နံရံမှာလည်း ကျည်ဆန်ရာတွေ အကြောင်းလိုက်ထင်းနေတယ်၊ အိမ်ရှင်နဲ့ ရွာသားတွေကတော့ အချိန်မီ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့လို့ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ ဆိုပါ တယ်။
မဲဆောက်အခြေစိုက် ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းမှ တပ်မှူးကြီး ဗိုလ်မှူးကြီး ဂျီရဖတ် ဟွမ်ဆအတ်နဲ့ တာဝန်ရှိသူတွေဟာ နေအိမ်ပျက်စီးမှုနဲ့ နယ်စပ်လုံခြုံရေးအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ဖို့၊ တပ်ဖွဲ့ဝင်တွေအနေနဲ့ သတိဝိရိယ ပိုရှိကြဖို့၊ လုံခြုံရေးဆိုင်ရာ စည်းမျည်းစည်းကမ်းတွေ တင်းကျပ်ဖို့ ညွှန်ကြားခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
Source: Matichon / MGROnline











