DVB Logo
Home
မြန်မာသတင်း
ဆင်ဖြူကျွန်းမြို့တွင် စစ်သားအချင်းချင်းရန်ဖြစ်ပြီး ၁ ဦးသေဆုံး
DVB
·
July 4, 2026
Photo : မြို့ခံတဦး
Photo : မြို့ခံတဦး
Donate to DVB

မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ဆင်ဖြူကျွန်းမြို့မှာ ဇူလိုင် ၂ ရက် ညဦးပိုင်းက စစ်သားအချင်းချင်း စကားများရန်ဖြစ်ကြရာကနေ စစ်သား ၁ ယောက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရ ပါတယ်။

အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “အဲဒီနေ့ ည ၈ နာရီလောက်မှာ ကျနော်တို့မြို့နားက နွယ်တမယ်တံတားဂိတ်စောင့်တဲ့ စစ်သားတွေ မူးပြီးရန်ဖြစ်ကြရင်း တယောက်က ကျောက်ခဲနဲ့ ထုတယ်။ ကျောက်ခဲနဲ့ထုတဲ့ စစ်သားကို အထုခံရတဲ့စစ်သားက ဓားနဲ့ထိုးလိုက်တာ ကျောက်ခဲနဲ့ ထုတဲ့စစ်သားက နေရာမှာတင်သေတယ်။ စစ်တပ်ဘက်က ကားတွေရောက်လာပြီး သေတဲ့ စစ်သား အလောင်းသယ်သွားပြီး ကျောက်ခဲနဲ့ အထုခံရတဲ့ စစ်သားကို ဆင်ဖြုကျွန်းဆေးရုံပို့တယ်။ အခုထိ ဆေးရုံမှာပဲ” လို့ DVB ကို ပြောပါတယ်။

ဓားနဲ့အထိုးခံရပြီး သေဆုံးသွားတဲ့ အသက် ၄၀ အရွယ် စစ်သားလောင်းကို ဇူလိုင် ၃ ရက် မနက်မှာ စစ်တပ်က သင်္ဂြိုဟ်လိုက်တယ်လို့ ဆိုပါတယ်။

စကားများရန်ဖြစ်ကြတဲ့ စစ်သား ၂ ယောက်ဟာ တပ်သားအဆင့်တွေဖြစ်ကြပြီး သန္ဓေတပ်သားတွေ လား၊ စစ်မှုထမ်းတပ်သားသစ်တွေလား ဆိုတာ​ကတော့ စုံစမ်းနေဆဲဖြစ်တယ် လို့လည်း ဆိုပါတယ်။

ပြည်သူ့ညီနောင် (စလင်း) ရဲ့ သတင်းတာဝန်ခံ “အဲဒီတံတားဂိတ်ကကောင်တွေ အချင်းချင်း မကြာခဏ ပြဿနာတက်ကြတယ်။ အဓိက ကတော့ ပြည်သူတွေဆီက အတင်းတောင်းလို့ရတဲ့ ငွေကို ဝေစုခွဲတာ မကျေနပ်ကြရင်း မူးပြီးစကားများရင်းဖြစ်ကြတာလို့ သိရတယ်ဗျ” လို့ ပြောပါတယ်။

နွယ်တမယ်တံတားဂိတ်မှာ တာဝန်ကျတဲ့ စစ်သားတွေဟာ ထွက်ပြေးလေ့ရှိသလို ဝေစုခွဲတဲ့ ကိစ္စတွေ နဲ့ပတ်သက်ပြီး စကားများရန်ဖြစ်ကြလေ့ရှိတာကြောင့် တပ်သားအသစ်အဟောင်း ချိန်းပြောင်းတာ တွေကို စစ်တပ်ဘက်က မကြာခဏပြုလုပ်နေတယ်လို့လည်း မြို့ခံတွေဆီကနေ သိရပါတယ်။

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013