
ထိုင်း-မြန်မာနယ်စပ်၊ မယ်လမမြို့အနီး တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား ၁၅ ယောက်ကို ထိုင်းစစ်တပ်က မေ ၂၂ ရက် မနေ့ညပိုင်းမှာ စစ်ဆေးဖမ်းဆီးလိုက်တယ်လို့ ထိုင်းစစ်တပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်ကနေ သိရပါတယ်။
ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတယ်လို့ ထိုင်းဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ ထိုင်းစစ်တပ် အမှတ် ၃၅ တပ်ဖွဲ့ဝင်တွေက စစ်ဆေးဖမ်းဆီးလိုက်တာပါ။
မြန်မာနိုင်ငံမှာ လုပ်ခလစာနည်းပါးပြီး အလုပ်ရှားပါးတာကြောင့် ထိုင်းနိုင်ငံအတွင်းမှာ လယ်ယာနဲ့ တောင်ယာလုပ်ငန်းတွေ လုပ်ကိုင်ဖို့အတွက် လာရောက်တာလို့ ဖမ်းဆီးခံရသူတွေက ထိုင်းစစ်တပ်ကို ထွက်ဆို ပြောပြပါတယ်။
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေဖြစ်နေတာ၊ တရားမဝင် လူကုန်ကူးသူတွေနဲ့ မူးယစ်ဆေးဝါး မှောင်ခိုကူးတာတွေ ရှိနေတာကြောင့် ထိုင်းစစ်တပ်နဲ့ တခြား ဌာနဆိုင်ရာတွေက လုံခြုံရေးတိုးမြှင့် တင်းကျပ်စောင့်ကြည့်နေချိန်မှာ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဖမ်းမိခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီးခံရတဲ့ မြန်မာအလုပ်သမား ၁၅ ယောက်ကိုတော့ ထိုင်းနိုင်ငံ တရားဥပဒေအရ အရေးယူနိုင်ဖို့အတွက် မယ်လမမြို့မရဲစခန်းကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။