
ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ၇၀ ရာခိုင်နှုန်းကျော်ဟာ ပင်လယ်ရေကြောင်းလမ်းကနေတဆင့် သယ်ယူပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ရေလမ်းကျဉ်းတွေဟာလည်း မဟာဗျူဟာအရ အချက်အချာ ကျလာပါတယ်။
ကမ္ဘာတဝန်း ပင်လယ်ရေကြောင်းကုန်သွယ်ရေးမှာ အဓိကကျတဲ့ ရေလမ်းကျဉ်းနဲ့ ပတ်လမ်း ၇ ခု ရှိပါတယ်။ အဲဒါတွေကတော့ မလက္ကာရေလက်ကြား၊ ဟော်မုဇ်ရေလက်ကြား၊ စူးအက်တူးမြောင်း၊ ဘက်အယ်လ်မန်ဒက်ရေလက်ကြား၊ ဒိန်းမတ်ရေလက်ကြား၊ တူရကီရေလက်ကြား (ဒါဒနဲလ်စ်)၊ ပနားမားတူးမြောင်းနဲ့ ဂွတ်ဟုပ်အငူတို့ ဖြစ်ပါတယ်။
အမေရိကန်စွမ်းအင်သတင်းအချက်အလက်ဌာနရဲ့ ၂၀၂၅ ခုနှစ်၊ စတုတ္တ ၃ လပတ် စာရင်းတွေအရ ဒီရေလမ်းကျဉ်းတွေကနေ နေ့စဉ် ရေနံနဲ့ တခြားအရည်လောင်စာစည်သန်းပေါင်း ၇၆ သန်းနီးပါး ဖြတ်သန်းနေတယ်လို့ သိရပါတယ်။
အိန္ဒိယသမုဒ္ဒရာနဲ့ ပစိဖိတ်သမုဒ္ဒရာကို ချိတ်ဆက်ပေးထားတဲ့ မလက္ကာရေလက်ကြားကနေ နေ့စဉ် ရေနံစည် ၂၄ သန်းလောက် ဖြတ်သန်းပြီး အရှေ့အာရှနဲ့ အရှေ့တောင်အာရှနိုင်ငံတွေကို ပို့ဆောင်နေတာ ဖြစ်ပါတယ်။ ဒီပမာဏဟာ ကမ္ဘာ့ရေနံ လိုအပ်ချက် စုစုပေါင်းရဲ့ ၂၃ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။
မလက္ကာရေလက်ကြားကို ရှောင်ကွင်းနိုင်တဲ့ အစားထိုးလမ်းကြောင်းတွေထဲ ဆွန်ဒါရေလက်ကြားနဲ့ လုံဘော့ရေလက်ကြားတို့ ပါဝင်တဲ့အပြင် အရှေ့အလယ်ပိုင်းက ရေနံစိမ်းကို မြန်မာနိုင်ငံကတဆင့် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းကို ပို့ဆောင်ပေးနေတဲ့ တရုတ်-မြန်မာ နယ်စပ်ဖြတ်ကျော် ရေနံပိုက်လိုင်းတခုလည်း ရှိနေပါတယ်။
ကမ္ဘာ့ရေနံတင်ပို့ရာ လမ်းကြောင်းတွေထဲ နောက်ထပ် အရေးပါတဲ့လမ်းကြောင်းကတော့ အီရန်နဲ့ အိုမန်နိုင်ငံကြားမှာရှိတဲ့ ဟော်မုဇ်ရေလက်ကြား ဖြစ်ပါတယ်။ ရေနံပမာဏအမြောက်အမြားဟာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းစီးဆင်းနေပြီး ပမာဏအားဖြင့် နေ့စဉ် ရေနံစည်သန်းပေါင်း ၂၀ ကျော် ရှိပါတယ်။
ဒီ ရေလမ်းကျဉ်း ၇ ခုဟာ ကမ္ဘာ့စွမ်းအင်ဖူလုံရေးအတွက် အလွန်အရေးပါတာကြောင့် လမ်းကြောင်းပေါ်မှာ တစုံတရာ အဟန့်အတား ရှိလာတာနဲ့အမျှ ကုန်စည်ထောက်ပံ့ရေးမှာ နှောင့်နှေးမှုတွေ ကြုံတွေ့လာရနိုင်ပါတယ်။
ဒီလမ်းကျဉ်းတွေအစား တခြားလမ်းကြောင်းတွေ အသုံးပြုပြီး ရှောင်ကွင်းနိုင်ပေမဲ့ သယ်ယူပို့ဆောင်ချိန်နဲ့ စရိတ်တိုးလာမှာဖြစ်တာကြောင့် တချို့လမ်းကျဉ်းတွေအတွက်တော့ လက်တွေ့ကျတဲ့ အစားထိုးစရာ လမ်းကြောင်းတွေ မရှိသေးပါဘူး။
မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ အီရန်စစ်ပွဲဟာ ရေလက်ကြားတွေရဲ့ ဗျူဟာမြောက် အရေးပါမှုအပေါ် ကမ္ဘာတဝန်းကို မျက်ဝါးထင်ထင် တွေ့မြင်စေခဲ့ပြီ ဖြစ်ပါတယ်။











