
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ကနေ ရန်ကုန်ကိုလာတဲ့ လူငယ် ၂ ယောက်ကို မေ ၂၁ ရက် ည ၈ နာရီက ထန်းတပင်မြို့ X-Ray စစ်ဆေးဂိတ်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးလိုက်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ထန်းတပင်မြို့နယ် X-Ray စစ်ဆေးရေးဂိတ်မှာ ခရီးသည်တင်ယာဥ်ကနေ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်တို့ကို စစ်တပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။
“သတင်းရလို့ထင်တယ်၊ ကားပေါ်ကနေ ဆွဲချပြီး ဖမ်းတာ။ ကောင်လေးက ပုသိမ်က၊ ကောင်မလေးက လပွတ္တာက၊ စစ်တပ်က PDF တွေဆိုဖမ်းတာ၊ စစ်ကားနဲ့ ဘယ်ကိုခေါ်သွားလဲမသိဘူး။”
ရန်ကုန်မြို့အဝင် တိုးဂိတ်တွေမှာ လေကြောင်းရန်ကာကွယ်ရေးနှင့် စစ်ဆင်ရေးဌာနချုပ်နဲ့ ရဲတပ်ရင်းတွေကို ထပ်တိုးအင်အားဖြည့်ချပြီးနောက် အခုလိုဖမ်းဆီးခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
“ဒုချုပ်က မေလ ၂၁ ရက်က အစည်းအဝေးလုပ်တယ်။ ညနေပိုင်းပဲ မြို့ဝင်ဂိတ်တွေမှာ လေတပ်က လူတွေပါ တာဝန်ချတယ်။ ထန်းတပင် X-Ray ဂိတ်ကို မှော်ဘီလေကြောင်းရန်ကာကွယ်ရေးတပ်က စစ်သားတွေ အဲဒီညက ၂ ယောက်ဖမ်းတယ်။ မနေ့ညက ၃ ယောက်ဖမ်းတယ်။”
ဖမ်းဆီးခံရတဲ့ လူငယ်တွေကတော့ ပုသိမ်မြို့နေ မှိုင်းဝေ (ခ) စေတန်နဲ့ လပွတ္တာမြို့နေ မချမ်းချယ်ရီ (ခ) စင်သီယာ တို့ဖြစ်ပြီး စစ်ကောင်စီက ထန်းတပင်မြို့နယ်ရဲစခန်းမှာ စစ်ဆေးနေတယ်လို့ သိရပါတယ်။
မေ ၁၀ ရက်ကလည်း ရန်ကုန်မြို့အဝင် ထောက်ကြန့် ယာဥ်စစ်ဆေးရေးဂိတ်မှာ လူငယ် ၁၀ ယောက်နီးပါးကို စစ်ကောင်စီက ခရီးသည်တင်ယာဥ်ပေါ်က ဖမ်းဆီးခဲ့ပါတယ်။