
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်ရင်း ၂၈ မှ ကျည်ကာအင်္ကျီကြောင့် အသက်ဘေးမှ လွတ်မြောက်လာခဲ့တဲ့ ရဲဘော်တွေအတွက် အမည်မဖော်လိုတဲ့ အလှူရှင်တယောက်က ကျည်ကာအင်္ကျီ ဦးထုပ်အစုံ ၂ဝ နဲ့ စစ်ဝတ်တန်ဆာ ၁၇ စုံ လှူဒါန်းပေးခဲ့တယ်လို့ ဓားမဆိုင်းတပ်ရင်း ၂၈ တာဝန်ရှိသူဆီကနေ သိရပါတယ်။
ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အနီးကပ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားချိန်မှာ စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ကျည်ဆန် ထိမှန်ခဲ့ပေမဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီကြောင့် အသက်မဆုံးရှုံးခဲ့ရတာလို့ ဆိုပါတယ်။
ဓားမဆိုင်းတပ်ရင်း ၂၈ တပ်ရင်းမှူး ဗိုလ်စွမ်းသူမောင်က “ကျည်ကာဝတ်စုံ အစုံ ၂၀၊ ကျည်ကာဦးထုပ် အစုံ ၂၀ နဲ့ တိုက်ပွဲဝင် Equipment (စစ်ဝတ်တန်ဆာ) ၁၇ စုံ ရဲဘော်တွေကို တပ်ဆင်ပေးခဲ့တာပါ။ အလှူရှင် လှူပေးတဲ့ငွေနဲ့ လိုအပ်တဲ့ငွေကို တပ်ရင်းကပဲစိုက်ပြီး ဝယ်ယူတပ်ဆင်ပေးခဲ့တာ” လို့ ပြောပါတယ်။
ကာလတန်ဖိုး မြန်မာငွေ ကျပ်သိန်း ၃၀၀ ဖိုး ရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအတွက် အကာအကွယ် ဖြစ်စေမယ့် စစ်ဝတ်တန်ဆာတပ်ဆင်ပေးခဲ့ရလို့ ပီတိဖြစ်ရတယ်လို့လည်း ဆိုပါတယ်။
ရဲဘော်ပိစိကလည်း သူ့ရဲ့ ရှေ့တန်းဖြတ်သန်းခဲ့မှု အခြေအနေမှာ ကျည်ကာဦးထုပ်နဲ့ ကျည်ကာအင်္ကျီကြောင့် မိခင်တပ်ရင်းကို ပြန်လာနိုင်ခဲ့တာဖြစ်ပြီး အလှူရှင်တွေ ကူညီပေးတဲ့ ကျည်ကာဦးထုပ်၊ ကျည်ကာအင်္ကျီတွေကို ရှေ့တန်းစစ်မြေပြင်တွေမှာ ဝတ်ကြပါလို့ ပြောပါတယ်။
ရဲဘော် Blackboy က သူလည်း ပင်လည်ဘူးတိုက်ပွဲမှာ ကျည်ကာအင်္ကျီကြောင့် အသက်ဘေးက လွတ်မြောက်လာခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း ရန်သူ့စစ်ကြောင်းကို အပြီးပြတ် ချေမှုန်းနိုင်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။