
စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းရဲ့ တပ်ရင်းမှူး ရဲဘော်ပုလဲမောင်ကို ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းရဲ့ ကိုယ်ရေးအရာရှိ PA ရဲဘော် ငဖြိုးက အစည်းအဝေးမှာ ပစ္စတို သေနတ်နဲ့ ပစ်သတ်လိုက်လို့ ဇွန် ၂၆ ရက်မှာ ပွဲချင်းပြီး သေဆုံးသွားပါတယ်။
သေဆုံးသူ ရဲဘော်ပုလဲမောင်က ခရိုင်ကွပ်ကဲရေးမှူး ဗိုလ်စွမ်းကို သတ်ဖို့ သူ့ကို ပြောခဲ့တဲ့အတွက် ရဲဘော်ပုလဲမောင်ကို အခုလို ပစ်သတ်လိုက်တာလို့ ရဲဘော်ငဖြိုးက ထွက်ဆိုတဲ့ ဗီဒီယိုဖိုင်တွေ ပြန့်နေပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စကို ဘယ်သူကမှ အတည်မပြုနိုင်သေးပါဘူး။
လက်ရှိအချိန်မှာ ပစ်ခတ်ခဲ့တဲ့ ရဲဘော်ငဖြိုးကိုတော့ လက်နက်ဖြုတ်သိမ်းပြီး ယင်းမာပင်ခရိုင် စစ်ဌာနအချုပ်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့နဲ့ နောက်ဆက်တွဲ ပြဿနာတွေ မဖြစ်အောင် စစ်ကိုင်းတိုင်းစစ်ဌာန တာဝန်ရှိသူတွေက ကွင်းဆင်းစစ်ဆေးနေပြီး စစ်ရုံးချုပ်အနေနဲ့လည်း စစ်ဘက်ဆိုင်ရာ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ အထူးအလေးပေး ကိုင်တွယ်ဖြေရှင်းသွား မယ်လို့ ဆိုပါတယ်။










