
ထိန်းသိမ်းစစ်ဆေးခံနေရတဲ့ ယင်းမာပင်တပ်ရင်း ၂၀ က တပ်ဖွဲ့ဝင်တွေကို တွေ့ခွင့်မရတာ ၆ လကြာနေပြီဖြစ်လို့ ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြပြီး အပြစ်မရှိရင် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။
စစ်ကိုင်းတိုင်း အမှတ် ၂၀ ပြည်သူ့ကာကွယ်ရေးတပ်၊ ယင်းမာပင်ခရိုင်တပ်ရင်းရဲ့ တပ်ရင်းမှူး၊ ဒုတိယတပ်ရင်းမှူးနဲ့ တပ်ဖွဲ့ဝင် ၄ ယောက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက် အောက်မှာရှိတဲ့ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ စစ်ကိုင်းတိုင်းကွပ်ကဲရေးက ပြီးခဲ့တဲ့ မတ်လပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
ယင်းမာပင်တပ်ရင်း အမှတ် ၂၀ ရဲ့ တပ်ဖွဲ့ဝင်တချို့ဟာ အိမ်ထောင်သည်ရဲမေ တယောက်ကို ကိုယ်ထိလက်ရောက်ကျုးလွန်ခဲ့တယ်ဆိုတဲ့ တိုင်ကြားမှုကြောင့် NUG/ MODက ပြစ်မှုကျူးလွန်သူလို့ သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းပြီး အမှုစစ်ဆေးနေတာ ၆ လနီးပါး ကြာမြင့်နေပြီဖြစ်ပေမဲ့ မိသားစုဝင်တွေက တွေ့ခွင့်မရတာကြောင့် စိုးရိမ်စိတ်တွေ မြင့်တက် နေတယ်လို့ ကာယကံရှင်တွေက ပြောပါတယ်။
ဖမ်းဆီးထိန်းသိမ်းခံထားရသူရဲ့ မိသားစုဝင်တယောက်က “အခုထိ တကြိမ်မှ မတွေ့ရသေးဘူး။ ဘာသတင်းမှ မကြားရတာ ၆ လရှိပြီ။ အမှုကို ကိုယ်တွယ်စစ်ဆေးနေတဲ့သူတွေကို မေးတော့လည်း ဘာမှမပြောဘူး။ တပ်ရင်းက အသနားခံစာတွေ တင်တာပါတယ်။ ဘာမှ ထူးခြားမလာဘူး။ စိုးရိမ်နေရတယ်” လို့ပြောပါတယ်။
NUG/MOD က ထိန်းသိမ်းစစ်ဆေးနေတဲ့ ယင်မာပင်တပ်ရင်း အမှတ် ၂၀ က တာဝန်ရှိသူတွေနဲ့ တပ်ဖွဲ့ဝင်တွေထဲမှာ ဒီအမှုကိုကျူးလွန်းမှု မရှိဘဲ ထိန်းသိမ်းစစ်ဆေးခံနေရသူလည်းရှိတာပါ။
အမှု မှန်ပေါ်ပေါက်ဖို့ စစ်ဆေးရာမှာလည်း ပွင့်လင်းမြင်သာမှုမရှိသလို ရှေ့နေလိုက်ခွင့်နဲ့ တခြားအခွင့်အရေးတွေလည်း မရှိဘူးလို့ ထိန်းသိမ်းခံထားရတဲ့ မိသားစုဝင်တွေကဆိုပါတယ်။
ဖမ်းဆီးခံထားရသူရဲ့ မိသားစုဝင်တယောက်က “ခေါ်သွားတုန်းက ၁ ရက် ၂ ရက်ဆိုပြီး ခေါ်သွားတာပါ။ အခု ၆ လရှိသွားပြီ။ ကိုရန်ရှင်းဆိုရင် ပြစ်မှုမကျူးလွန်ဘဲ အမှုထဲ ဆွဲထည့်ပြီး ထိန်းသိမ်းထားတာပါ။ အပြစ်မရှိရင်လည်း ပြန်လွှတ်ပေးစေချင်ပါတယ်” လို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းကွပ်ကဲရေးက တာဝန်ရှိသူ ၂ ယောက်ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ တိကျတဲ့ အကြောင်းပြန်ကြားချက်တော့ မရသေးပါဘူး။
ထိန်းသိမ်းစစ်ဆေးခံထားရတဲ့သူတွေရဲ့ မိသားစုဝင်တွေကတော့ အမှုကိုပွင့်လင်းမြင်သာအောင် ကိုင်တွယ်စစ်ဆေးဖို့နဲ့ ဧည့်တွေ့ခွင့်ရဖို့ လိုလားနေကြပါတယ်။
Photo: ရန်ရှင်း ယင်းမာပင်











