
သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း ကမ်းရိုးတန်းမှာ မေ ၂၂ ရက်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရုတ်တရက် ရေကြီးရေလျှံတာကြောင့် အနည်းဆုံး လူ ၃ ယောက် သေဆုံးပြီး မြို့တွေလည်း အသွားအလာ ပြတ်တောက်ခဲ့ရတာဟာ တသက်မှာ တကြိမ် ကြုံရတဲ့ အဖြစ်အပျက်ပဲလို့ နယူးဆောက်သ်ဝေးလ် ရဲတပ်ဖွဲ့က မေ ၂၂ ရက်မှာ ပြောပါတယ်။
ဒါ့အပြင် ဒေသခံ ၅၀,၀၀၀ လောက်ကို တာဝန်ရှိသူတွေက ဘေးလွတ်ရာ ရွှေ့ပြောင်းမိန့် ထုတ်ပြန်ခဲ့ပြီး တချိန်တည်းမှာပဲ လာမယ့် ၂၄ နာရီအတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်တာကြောင့် သတိပေးထားပါတယ်။
သြစတြေးလျရဲ့ လူဦးရေအများဆုံးပြည်နယ်ဖြစ်တဲ့ နယူးဆောက်သ်ဝေးလ်စ်ရဲ့ ဟန်းတားနဲ့ မစ်ဒ်နော့သ်ကို့စ် ဒေသတွေရှိ ကျေးလက်မြို့ အများအပြားမှာ ကြီးကြီးမားမား ရေကြီးရေလျှံခဲ့ပြီး မြောက်ဘက်ကမ်းခြေ အလယ်ပိုင်းဒေသ အများစုမှာ ကြာသပတေးနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းမှုကို ကြုံတွေ့နေရတာပါ။
ခပ်ဖြည်းဖြည်း ရွေ့လျားနေတဲ့ ကမ်းရိုးတန်းတိမ်တိုက်တခုက မိုးရာသီ ၄ လစာလောက် ရွာသွန်းတဲ့ ပမာဏရှိတဲ့ မိုးရေကို ပြီးခဲ့တဲ့ ၂ ရက်တာအတွင်း ရွာချလိုက်တာကြောင့် တမြို့လုံး လမ်းတွေပြတ်တောက်ကုန်ပြီး တချို့ဒေသခံတွေဟာ အိမ်ခေါင်မိုးတွေနဲ့ နေအိမ် ဒုတိယထပ်တို့မှာ ပိတ်မိနေတာကြောင့် ကယ်ဆယ်ရေးအဖွဲ့တွေက သင်္ဘောတွေ၊ လေကြောင်းကနေ ဝင်ကယ်ပေးဖို့ အခက်အခဲ ကြုံနေရပါတယ်။
ဆစ်ဒနီမြို့ရဲ့ မြောက်ဘက် ကီလိုမီတာ ၃၀၀ (၁၈၆ မိုင်) ကျော်အကွာရှိ တာရီ ကျေးလက်မြို့မှာ လယ်မြေတွေ မျောပါသွားကာ နေအိမ်တွေ၊ လမ်းတံတားတွေ ပျက်စီးခဲ့ပြီး ရေလွှမ်းမိုးမှုဒဏ် အဆိုးဆုံးခံခဲ့ရတဲ့ မြို့တမြို့ ဖြစ်ပါတယ်။
ဩစတြေးလျနိုင်ငံ မိုးလေဝသဌာနကတော့ တချို့ဒေသတွေမှာ မေ ၂၃ ရက်အထိ မိုးရေချိန် ၂၀၀ မီလီမီတာ (၈ လက်မ) အထိ ရွာသွန်းနိုင်ကာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ လျှပ်တပြက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပြီး အဲဒီနောက်မှ ရာသီဥတုစနစ် အားပျော့လာကာ ဆစ်ဒနီမြို့ဆီကို တောင်ဘက်အတိုင်း ရွေ့လျားသွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။
Source: Reuters