
ဘောလုံးကလောင်ရှင်တွေက ချီးမြှင့်တဲ့ တနှစ်တာ ပရီးမီးယားလိဂ်အကောင်းဆုံး ကစားသမား ဆုကို လီဗာပူးတိုက်စစ်ကစားသမား မိုဟာမတ်ဆာလာက ဆွတ်ခူးသွားပါတယ်။
ဒီဆုကို ၃ ကြိမ် မြောက်ရရှိခဲ့တဲ့ဆာလာဟာ အာဆင်နယ်ဂန္ထဝင် သီယာရီအွန်နရီရဲ့ စံချိန်ကို လိုက်မီသွားပါတယ်။
ဒီဆုကို ရယူနိုင်ခဲ့တာက အဓိပ္ပါယ်အများကြီးရှိပြီး ဂန္ထဝင်ကစားသမားကြီးတွေနဲ့အတူ ရယူနိုင်ခဲ့ တာက ဂုဏ်ယူစရာဖြစ်ကြောင်း ဆာလာက ဆုလက်ခံရယူအပြီးမှာ ပြောပါတယ်။
လီဗာပူးအသင်းမှာ ဆက်ရှိမှာဖြစ်လို့ အသင်းနဲ့အတူ သမိုင်းသစ်တွေရေးထိုးသွားချင်ပြီး ချန်ပီယံလိဂ်နဲ့ ပရီးမီယားလိဂ်ဆုဖလားတွေ ထပ်မံရယူသွားချင်ကြောင်း ဆာလာက ပြောသွားပါတယ်။
ဆာလာဟာ ပွဲစဉ် ၃၇ အပြီးမှာ သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း ၄၆ ကြိမ်အထိ ပြုလုပ်ထားပြီး ပဲလေ့နဲ့ နောက်ဆုံးပွဲမှာ ဂိုးပါဝင်ပတ်သက်မှု ၂ ကြိမ်ရရှိမယ်ဆိုရင် အန်ဒီကိုးလ်နဲ့ အလန်ရှီးယားတိုရဲ့ ၄၇ ကြိမ် စံချိန်ကို ကျော်ဖြတ်နိုင်မှာဖြစ်ပါတယ်။
FWA ကချီးမြှင့်တဲ့ တနှစ်တာအကောင်းဆုံး အမျိုးသမီးကစားသမားဆုကိုတော့ အာဆင်နယ် တိုက်စစ်ကစားသမား အလက်ဆီယာရုစ်ဆိုက ရရှိသွားပါတယ်။
Photo: Reuters