DVB Logo
Home
မြန်မာသတင်း
တိုက်ပွဲကြောင့် စပါးမရိတ်နိုင်သဖြင့် ကရင်နီစစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ လိုအပ်နေ
DVB
·
May 22, 2025
တိုက်ပွဲကြောင့် စပါးမရိတ်နိုင်သဖြင့် ကရင်နီစစ်ရှောင်စခန်းများတွင် စားနပ်ရိက္ခာ လိုအပ်နေ
Donate to DVB

တိုက်ပွဲတွေကြောင့် နွေစပါး မရိတ်သိမ်းနိုင်သေးတဲ့အပြင် မိုးစပါးပါ မစိုက်နိုင်သေးတဲ့အတွက် ကရင်နီက စစ်ရှောင်စခန်းတွေမှာ စားနပ်ရိက္ခာ လိုအပ်ချက်တွေ ရှိနေပါတယ်။

လက်ရှိ မိုးဗြဲ-ညောင်ရွှေမြို့အစပ်က တိုက်ပွဲတွေကြောင့် ကရင်နီဒေသက စစ်ရှောင်အများစုဟာ စိုက်ထားပြီးသား နွေစပါးတွေကို ပြန်မရိတ်သိမ်းနိုင်သေးသလို မိုးဦးဝင်လာပြီဖြစ်တဲ့အတွက် မိုးစပါးစိုက်ရမယ့်အချိန်မှာလည်း စပါးတွေ မစိုက်နိုင်သေးဘူးလို့ စစ်ရှောင်စခန်းတွေဆီကနေ သိရပါတယ်။

ငလျင်ဘေးပြီးတဲ့နောက် ပုံမှန်ထောက်ပံ့နေကျ အလှူရှင်တွေဆီကလည်း အထောက်အပံ့တွေ မရတော့သလို စစ်ကောင်စီ ထိုးစစ်တွေကြောင့် လမ်းပန်းဆက်သွယ်ရေး ပိတ်နေတာကလည်း စစ်ရှောင်စခန်းတွေဆီ စားနပ်ရိက္ခာတွေ မရောက်နိုင်တဲ့အချက်တွေ ဖြစ်တယ်လို့ စစ်ရှောင်စခန်း တာဝန်ခံတယောက်က DVB ကို ပြောပါတယ်။

“စားနပ်ရိက္ခာ အခက်အခဲကတော့ အကူအညီပေးမှုအပေါ်မှာပဲ အမှီအခိုပြုခဲ့တာ များတယ်လို့ပဲ ကျနော့်အနေနဲ့ မြင်တယ်ပေါ့နော်။ ကိုယ်တိုင်စိုက်ဖို့ကလည်း ပြီးခဲ့တဲ့ ၂၀၂၄ မှာ ကြိုးစားခဲ့တဲ့ အရာတွေကလည်း အရာမထင်ခဲ့ဘူးလို့ ပြောလို့ရတယ်ပေါ့။ ရေကြီးတာနဲ့ တိုက်ဆိုင်သွားတဲ့အခါကျတော့ အဲဒီရိုက်ခတ်မှုဒဏ်က အခုလက်ရှိထိ ဆက်ခံစားနေရတဲ့ အနေအထားမျိုးမှာ ရှိတာပေါ့။ ဒီနွေစပါး ပြန်စိုက်တဲ့အနေအထား ပြီးခဲ့တဲ့ သုံးလပိုင်း၊ လေးလပိုင်းမှာ ပြန်စိုက်တဲ့ဟာလည်း အခုထိကလည်း ပြန်မရိတ်နိုင်သေးဘူး။ ပျက်စီးသွားတာမျိုး မဟုတ်ဘူးပေါ့။ ပြန်မရိတ်နိုင်တာ။ အဲဒီဟာလည်း ထွက်မလာသေးတော့ ဒီစားနပ်ရိက္ခာပိုင်းက ပိုပြီးတော့ အခက်အခဲလေး ဖြစ်နေတယ်” လို့ ပြောပါတယ်။

ဖရူဆိုအနောက်ဘက်ခြမ်းနဲ့ လွိုင်ကော်အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်း အများစုဟာ စားနပ်ရိက္ခာ ပြတ်လပ်တော့မယ့် အနေအထားမျိုးတွေနဲ့ ရင်ဆိုင်နေရပြီး မိုးဦးကာလ ရောက်နေပြီ ဖြစ်တဲ့အတွက် စစ်ရှောင်တွေရဲ့ ယာယီစခန်းတွေကို အမိုးမိုးဖို့ မိုးကာလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိ မိုးဗြဲ-ညောင်ရွှေအစပ်က တိုက်ပွဲတွေကြောင့် ဒီးမော့ဆိုဘက်ခြမ်းမှာလည်း စစ်ရှောင်ဦးရေ ပိုတိုးလာနေတဲ့အတွက် စားနပ်ရိက္ခာ လိုအပ်ချက်တွေ ဆက်လက်မြင့်တက်နေတာပါ။

စစ်ရှောင်အရေး ကူညီနေသူတယောက်က “အထူးသဖြင့် ငလျင်ဘေးပြီးနောက်ပိုင်းမှာ တော်တော်များများက ငလျင်ဘေးကိစ္စကို အာရုံစိုက်ကြတော့ စစ်ရှောင်တွေကလည်း ရိက္ခာလိုအပ်မှုက အရင်ကထက် ပိုပြီးတော့မှ ပိုဆိုးသွားတယ်ပေါ့နော်။ အဓိက စစ်ရှောင်တွေအတွက် ဝန်ဆောင်မှုပေးတဲ့ အသင်းအဖွဲ့နဲ့ ဝေးတဲ့ စစ်ရှောင်တွေဆိုရင် ပိုဆိုးတယ်ပေါ့နော်။ အလှူရှင်တွေနဲ့ ချိတ်ဆက်မမိတာတွေပေါ့နော်။ ပြီးတော့ ခုန ဆက်သွယ်ရေးကိစ္စတွေ အကုန်အခက်အခဲဖြစ်တော့ အလှူရှင်မရောက်တဲ့ နေရာတွေ ရှိတယ်ပေါ့နော်။ အဲဒါက ဖရူဆိုအနောက်ဘက်ခြမ်းတို့ ပြီးတော့မှ လွိုင်ကော်အရှေ့ဘက်ခြမ်းတို့ အဲလိုမျိုးပေါ့နော်။ အလှူရှင်က အများစုကတော့ ဒီ ဒီးမော့ဆိုတို့ ဒီအောက်ဘက်တကြောမှာ အခြေစိုက်ကြတာ များတယ်ပေါ့နော်။ ပြီးခဲ့တဲ့ သုံး လေးရက်ကပဲ မိုးဗြဲဘက်ကလည်း စစ်ကြောင်းတွေပတ်ထိုးတော့ အဲဒီဘက်မှာနေတဲ့ စစ်ရှောင်တွေ အများကြီးပဲ ဒီဘက် ထပ်ရွှေ့ရတယ်ပေါ့နော်” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ မိုးဇလဌာနက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝန်းမှာ မေ ၂၃ ရက်ကစ မိုးများနိုင်ပြီး မိုးကြီးခြင်းနဲ့အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြိုခြင်း စတဲ့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း အသိပေးထားပါတယ်။

မောရစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013