DVB Logo
Home
မြန်မာသတင်း
အရပ်သားများကို ပစ်မှတ်ထားလာနေသည့် စစ်တပ်၏ ကရင်နီထိုးစစ်
မောရစ်
·
October 26, 2026
Photo: DVB/မိုးဗြဲ စစ်ဘေးရှောင်များ (ပုံဟောင်း)
Photo: DVB/မိုးဗြဲ စစ်ဘေးရှောင်များ (ပုံဟောင်း)
Donate to DVB

ကရင်နီ (ကယား)ပြည်နယ်မှာ မြေပြင်စစ်ကြောင်းတွေ အထိနာနေတဲ့အတွက် စစ်အာဏာရှင်တပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းကနေ ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်နေလို့ အရပ်သား ထိခိုက်သေဆုံးမှု အရေအတွက်တွေ တိုးလာနေပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလထဲက မိုးဗြဲမြို့ အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာနေတဲ့အပြင် မိုးဗြဲမှာရှိနေတဲ့ ကာကင်းစခန်းတချို့ကိုပါ လက်လွှတ်လိုက်ရပါတယ်။

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့တွေရဲ့ ခုခံမှုကို အပြင်းအထန် ရင်ဆိုင်နေရပြီး မိုးဗြဲကနေ တပ်ပြန်ဆုတ်သွားရတဲ့ စစ်တပ်က လူအင်အားသုံးပြီး ထိုးစစ်ဆင်မဲ့အစား ဒရုန်း၊ လက်နက်ကြီးနဲ့ လေကြောင်းတွေသုံးပြီး အခုနောက်ပိုင်းမှာ အရပ်သားတွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က DVB ကို ပြောပါတယ်။

စစ်ကြောင်းတွေ ပြန်ထိုးလာတဲ့ စက်တင်ဘာလကစပြီး အခုချိန်ထိ ဒရုန်းနဲ့ အများဆုံး တိုက်ခိုက်ခံရတဲ့ နေရာတွေဟာ စစ်ရှောင်တွေ အများဆုံးရှိတဲ့ ဒီးမော့ဆိုအနောက်ခြမ်း၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်း၊ အနောက်ခြမ်း၊ လွိုင်ကော်အရှေ့ခြမ်း၊ မိုးဗြဲနားတဝိုက်နဲ့ ရှားတောဘက်တွေ ဖြစ်တယ်လို့ IEC အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ဆိုပါတယ်။

“သူတို့ လက်လှမ်းမီတဲ့နေရာကို ခြေလျင်သွားမယ်၊ လက်လှမ်းမမီတဲ့ နေရာတွေကို လက်နက်ကြီး သုံးမယ်။ ဒီထက် ဝေးတဲ့နေရာကို ဒရုန်းတို့ လေယာဉ်တို့နဲ့ ဗုံးကြဲတိုက်ခိုက်မယ် ဆိုတဲ့ဟာတော့ သိထားပြီးသားဖြစ်လို့ ကျနော်တို့ရဲ့ လူမှုစီးပွားပျက်စီးအောင်လုပ်မှ ကျနော်တို့ရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နောက် လူထုတွေ မနေရဲအောင် လုပ်မယ်ဆိုတဲ့ဟာတော့ Plan ရှိထားပြီးသားပေါ့။ အထူးသဖြင့် အခုကာလ စပါးတွေပြန်ရိတ်တဲ့အချိန်ဆိုရင် အများဆုံးတွေ့ရတယ်။ ဖရူဆို အရှေ့ခြမ်းမှာဆိုရင် အများဆုံးတွေ့ရတာက လူထုတွေ စပါးပြန်ရိတ်တဲ့အချိန်မှာ ဒရုန်းနဲ့ကြဲတာ အများဆုံးဖြစ်တယ်။ နောက် နန်းမယ်ခုံမှာ အဲ့လိုမျိုး ဆင်တူယိုးမှားပဲပေါ့၊ ကျန်တဲ့ နေရာတွေမှာတော့ လူထုတွေကို Target ထားပြီး တိုက်ခိုက်တဲ့ အကြောင်းအရင်းက ခုနပြောသလို ရွှေ့ပြောင်းအောင် တနေရာတည်း နေလို့မရအောင် လူမှုစီးပွား မဖြစ်ထွန်းအောင် လူတွေ ပရမ်းပတာဖြစ်ပြီး ပြေးလွှားနေရင် ပိုပြီး ကျပ်တည်းအောင် လုပ်တဲ့နည်းပေါ့။”

အခုလို အရပ်သားတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာဟာ ကရင်နီလူထုအပေါ် အကြောက်တရားနဲ့ ရှင်သန်ဖို့ ဖန်တီးနေတာဖြစ်ပြီး တိုက်ပွဲဒဏ် မခံနိုင်တဲ့အဆုံး စစ်တပ်ထိန်းချုပ်တဲ့ နယ်မြေတွေ ပြန်လာနေထိုင်ဖို့ တွန်းအားပေးနေတာလည်း ဖြစ်တယ်လို့ အတွင်းရေးမှူး ၂ ဗညားခွန်အောင်က ဆက်ရှင်းပြပါတယ်။

စစ်ရှောင်တွေကတော့ စားဝတ်နေရေး မပြေလည်တော့တဲ့သူတွေဟာ အရဲစွန့်ပြီး လယ်ယာလုပ်ဖို့အတွက် နေရပ်ပြန်ရတာဖြစ်ပြီး စစ်တပ်ရဲ့ ဒရုန်းတွေက အရင်ကထက် နည်းပညာပိုင်း ပိုကောင်းလာတွေကို တွေ့နေရတယ်လို့ ဆိုကြပါတယ်။

စစ်ရှောင်တယောက်က “လူထုကစိုက်ထားတဲ့ စပါးတွေ ရိတ်မမီမှာလည်း စိုးရိမ်ကြတော့ ဒရုန်းဒဏ်ကြားကပဲ လယ်ထဲပြန်ဆင်းတဲ့သူရှိသလို အိမ်ပြန်ကြတဲ့သူတွေလည်း ရှိတယ်။ ဒရုန်းကတော့ တော်တော်လာတယ်၊ နေ့ရောညရော၊ ဘယ်လောက်တောင်လာလဲဆို အရင် ဒရုန်းမရောက်နိုင်တဲ့ နေရာတွေအထိပါ ရောက်လာနေပြီ။ မနှစ်ကမှ လေယာဉ်အသံ နားစွင့်ရသေးတယ်။ အခုက လေယာဉ်အပြင် အသေခံဒရုန်း ငါ့အပေါ် ဘယ်တော့ကျလာမလဲ ဆိုပြီး စိတ်ပူနေရပြီ” လို့ ပြောပါတယ်။

အခုလို စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာ တလအတွင်းမှာပဲ ပြည်သူ ၁၅ ယောက် သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က ထုတ်ပြန်ထားပြီး အောက်တိုဘာလအတွင်းမှာလည်း ဒီးမော့ဆို အနောက်ခြမ်း၊ လွိုင်ကော်အရှေ့ခြမ်းနဲ့ ဖရူဆိုဘက်တွေမှာ အသေခံဒရုန်း တိုက်ခိုက်မှုတွေကြောင့် အရပ်သား သေဆုံးမှုတွေ ဆက်တိုက်ရှိနေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013