DVB Logo
Home
မြန်မာသတင်း
ကျောင်းသားလူငယ်များ တပ်သားသစ် စုဆောင်းခံရလျှင် တိုင်ကြားနိုင်ဟု CDF မင်းတပ်ပြော
DVB
·
May 22, 2025
ကျောင်းသားလူငယ်များ တပ်သားသစ် စုဆောင်းခံရလျှင် တိုင်ကြားနိုင်ဟု CDF မင်းတပ်ပြော
Donate to DVB

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်းမှာ အသက်မပြည့်သေးသူတွေနဲ့ ကျောင်းသားလူငယ်တွေ တပ်သားသစ် စုဆောင်းခံရပါက စစ်ဦးစီးချုပ်ရုံးကို တိုင်ကြားနိုင်တယ်လို့ CDF မင်းတပ် စစ်ဦးစီးချုပ်က DVB ကို ပြောပါတယ်။

ချင်းကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ ချင်းကာကွယ်ရေးတပ် (CDF) မင်းတပ်က အသက်မပြည့်သေးသူနဲ့ ကျောင်းသားလူငယ်တွေကို တပ်သားသစ် စုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မင်းတပ်မြို့နယ်ထဲက ဟုန်းသာရွာ၊ ရိုင်းရိန်းရွာ၊ ဝကောက်ရွာ စတဲ့‌ကျေးရွာတွေက လူငယ် ၁၀ ယောက်ကို CDF မင်းတပ် တပ်မဟာ ၂ က တပ်သားတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောကြပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်တွေထဲ ကျောင်းသားတွေနဲ့ တဦးတည်းသောသားတွေ ပါဝင်ပြီး ရွာခံလူငယ်တွေက တောင်ယာတွေမှာ ပုန်းရှောင်ပြီး အိပ်နေရတယ်လို့ ဆိုပါတယ်။

မင်းတပ်ဒေသခံတယောက်က “ပထမဆုံးတော့ တပ်ရင်းမှူးလာပြီး အကြောင်းကြားတယ်၊ ဒီဘက်ကနေလည်း ပြန်ပြောတယ်။ ဘယ်အဖွဲ့မှာပဲလာလာ‌ ဒီတော်လှန်ရေးပဲဖြစ်တာကြောင့် ကျနော်တို့လူတွေက တပ်ရင်း ၄ နဲ့ တပ်ရင်း ၁ ဘက်ကို အကုန်လုံးသွားကြတယ်လို့ ‌ပြောတယ်။ မရဘူး ဒီဘက်ပဲ လာကိုလာရမယ်၊ ဒီဘက်မရှိတဲ့အတွက် လူလာစုဆောင်းတယ်ဆိုပြီး ဒီလိုတွေ လာစုဆောင်းနေတ။ မင်းတပ် CDF ရဲ့ ထုတ်ပြန်ချက်မှာလည်း ကျောင်းသားနဲ့ တဦးတည်းသောသားဆိုရင် ကင်းလွတ်ခွင့်ရှိရမယ်ဆိုတဲ့ ထုတ်ပြန်ချက်တွေလည်း ရှိထားတော့၊ ကျောင်းသားတွေက ဘယ်မိဘကမှ မလွှတ်ချင်ဘူး၊ ပညာကလည်း သင်ချင်ကြသေးတာဆိုတော့၊ အခုက ပုန်းရှောင်နေတဲ့ အနေအထားတွေ ဖြစ်နေတယ်” လို့ ပြောပါတယ်။

CDF မင်းတပ်အနေနဲ့ သူတို့ စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေမှာ ၂၀၂၁ ခုနှစ်ကတည်းက တပ်သားသစ် စုဆောင်းတာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်ပြည့်ပြီးသူကနေ အသက် ၄၀ မကျော်သေးတဲ့ အရွယ်တွေကို ခေါ်လေ့ရှိပြီး အတင်းအဓမ္မ တပ်သားသစ်စုဆောင်းတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

CDF  မင်းတပ် စစ်ဦးစီးချုပ်  ဆလိုင်းထန်ချွန်ဖေ “အဲ့လိုမျိုးက ကျနော်တို့ စစ်ဦးစီးချုပ်ရုံးကို တင်ပြလို့ရပါတယ်။ ကျနော်တို့ဆီကို အဲ့လိုပုံစံမျိုးနဲ့ တင်ပြလာတာတွေလည်း ရှိပါတယ်၊ အတင်းအဓမ္မ စုဆောင်းတာမျိုးတော့ မရှိပါဘူး။ ဒါပေမဲ့ တာဝန်ကတော့ လူတိုင်းမှာရှိတယ်။ ဒီအမျိုးသားလွတ်မြောက်ရေးတာဝန်၊ ဒီတော်လှန်ရေးပြီးမြောက်ဖို့ တာဝန်က လူတိုင်းလူတိုင်းရဲ့ တာဝန်ဖြစ်တယ်။ ကျနော်တို့ လက်ရှိ လက်နက်ကိုင်နေတဲ့ လူတွေရဲ့ တာဝန်လည်းမဟုတ်ဘူး ဆိုတဲ့ သဘောတရားကို‌တော့ ပြည်သူလူထုနားလည်အောင် ကျနော်တို့ အမြဲတမ်းရှင်းပြပါတယ်။ မြေပြင်မှာ တပ်သားသစ်စုဆောင်းတဲ့အခါ တချို့လိုအပ်ချက်တွေ ရှိကောင်းရှိနိုင်ပါတယ်၊ မြေပြင်မှာ ဖြစ်သမျှကိစ္စ အကုန်လုံးကို တာဝန်ယူမှု တာဝန်ခံမှုရှိစွာနဲ့ ကျနော်တို့ တော်လှန်ရေးကို လုပ်နေတယ်” လို့ ပြောပါတယ်။

CDF မင်းတပ်အနေနဲ့ တပ်ဖွဲ့ရဲ့ မူဝါဒနဲ့ လမ်းစဉ်ကို ပြည်သူတွေကို ရှင်းလင်းချပြထားပြီး မြေပြင်က တပ်သားသစ်စုဆောင်းမှုတွေမှာ အဆင်မပြေမှုတွေ ရှိတဲ့အခါ အုပ်ချုပ်ရေးမှူးတွေကနေတဆင့် ညှိနှိုင်းဆောင်ရွက်နိုင်တယ်လို့ ဆိုပါတယ်။

CDF မင်းတပ်ကို ၂၀၂၁ ခု ဧပြီ ၂၄ ရက်မှာ စတင်တည်ထောင်ခဲ့ပြီး ၂၀၂၄ ခု ဒီဇင်ဘာ ၂၁ ရက်မှာ မင်းတပ်မြို့ကို အပြီးသတ် သိမ်းယူနိုင်ခဲ့ပါတယ်။

သီရိ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013