DVB Logo
Home
မြန်မာသတင်း
ကလေးမြို့နယ်၌ တိုက်ပွဲဖြစ်၊  စစ်ဘေးရှောင် ၁,၀၀၀ ကျော် အကူအညီလို  
DVB
·
May 21, 2025
ကလေးမြို့နယ်၌ တိုက်ပွဲဖြစ်၊  စစ်ဘေးရှောင် ၁,၀၀၀ ကျော် အကူအညီလို  
Donate to DVB

စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် စစ်ကောင်စီတပ်ကနေ ချင်းတောင်ဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် ကလေး-သိုင်းငင်းလမ်းမှာ တိုက်ပွဲစဖြစ်နေပြီး ကျေးရွာ ၄ ရွာလောက်က စစ်ဘေးရှောင် ၁,၀၀၀ ကျော် အရေးပေါ်အကူအညီတွေလိုအပ်နေပါတယ်။ 

ကလေးမြို့အခြေစိုက် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကနေ ချင်းတောင်ဘက်ကို မေ ၁၈ ရက်လောက်ကစလို့  စစ်ကြောင်းထိုးနေတာဖြစ်ပြီး မေ ၂၁ ရက်မှာတော့ ကလေး-သိုင်းငင်းလမ်းပေါ်၊ ကလေးမြို့နဲ့ ၁၀ မိုင်အကျော်အကွာမှာရှိတဲ့ မွှာလ်ပီးရွာအဝင်မှာ မနက် ၇ နာရီလောက်ကစလို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရပါတယ်။

ချင်းညီနောင်အဖွဲ့  စစ်ဦးစီးချုပ် ထန်ချွန်းဖေက “ ဒီ PDF ဇိုလမ်းဘက်ကပြောလာတာကတော့ အင်အား ၂၀၀ ဝန်းကျင်လောက်လို့ကနဦး သိရတယ်ပေါ့နော်။ ဦးတည်လာတာကတော့ ချင်းတောင်ဘက်ကို တက်လာပြီဆိုတော့ချင်းတောင်ကိုဦးတည်တာတော့ သေချာတယ်ပေါ့။  သိုင်းငင်းလမ်းဆုံဘက်ကိုတော့မရောက်သေးဘူးလို့ သိရတယ်ပေါ့နော်။ အဲဒီမတိုင်ခင်မှပဲ ထိတွေ့မှုတွေ ဖြစ်နေတယ်လို့တော့ ကနဦးသိရပါတယ်”လို့ ပြောပါတယ်။

ကလေးမြို့ကနေ သိုင်းငင်းရွာလမ်းဆုံအထိဆိုရင် ၂၅ မိုင်ဝန်းကျင်ကွာဝေးပါတယ်။ သိုင်းငင်းလမ်းဆုံကနေ တီးတိန်မြို့ကိုဆိုရင် နောက်ထပ် ၂၆ မိုင်သွားရမှာဖြစ်ပြီး၊ ဖလမ်းကိုဆိုရင် မိုင် ၅၀ နီးပါး ကွာဝေးတာဖြစ်ပါတယ်။

တီးတိန်မြို့ကလွဲပြီး နေရာအများစုကို ချင်းတော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပြီး မေ ၂၁ ရက်၊ ညနေ ၄ နာရီအထိတော့ စစ်ကောင်စီတပ်က မွှာလ်ပီးရွာကိုမကျော်နိုင်သေးကြောင်းနဲ့ ကလေးမြို့ဘက်ကနေလည်း လက်နက်ကြီးပစ်ကူတွေပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ဘေးရှောင် ဒေသခံအမျိုးသားတယောက်က  “ မိုးက ရွာလိုက် သည်းလိုက်ပေါ့။ ညတုန်းကဆို မိုးတအားများတယ်။ နေ့လည်တုန်းကလည်းရွာတယ်။ တကယ်တန်းပြေးတဲ့အခါကြတော့လည်း ဆွဲမိရာဆွဲပြီး ပြေးတာဆိုတော့လည်း ကိုယ်လိုအပ်တဲ့ တကယ်အရေးတကြီး လိုအပ်တဲ့ပစ္စည်းတွေလည်း မပါတတ်ကြဘူးလေနော်။  ၂ ရက် ၃ ရက်ဆိုရင်တော့ ကျနော်တို့ပြည်သူတွေက အခက်တွေ့တော့မှာလေနော့။ အစားအသောက်က အစပေါ့လေ။ ကူညီပေးနိုင်ရင်တော့ ကူညီစေချင်တာပေါ့လေနော်”လို့ ပြောပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကြောင်းထိုးရာလမ်းပေါ်က ရွာ ၄ ရွာမှာနေထိုင်ကြတဲ့ ပြည်သူ ၁,၀၀၀ ကျော်လောက် စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ပွဲဖြစ်နေတာကြောင့် အရင်စစ်ရှောင်တုန်းကလို ကလေးမြို့ဘက်ကိုတိမ်းရှောင်ခွင့်မရဘဲ တောင်ပေါ်ဝန်းကျင်က ဘေးလွတ်မယ်ထင်တဲ့နေရာတွေမှာ မိုးရွာနေတဲ့ကြားကနေ ထွက်ပြေးနေရလို့ အရေးပေါ်အကူအညီတွေ လိုအပ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဟာ ချင်းတောင်ပေါ်က ဟားခါး၊ တီးတိန်နဲ့  ထန်တလန်မြို့လောက်ကိုသာ ထိန်းချုပ်ထားနိုင်တော့တာ ဖြစ်ပါတယ်။ 

စိုးသူအောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013