
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်မှာ ကျေးရွာထဲကို သေနတ်နဲ့ လက်နက်ကြီးတွေ ပစ်ခတ်ကာ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရပြီး အရပ်သား တယောက်ကိုလည်း စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကျေးရွာနေပြည်သူတွေဆီက သိရပါတယ်။
မေ ၂၀ ရက် ညနေ ၄ နာရီက ဘန်းလမွတ်ကျေးရွာအုပ်စု၊ အလယ်ပိုင်းကျေးရွာထဲကို လက်နက်ကြီးတွေနဲ့ သေနတ်တွေ ပစ်ခတ်ဝင်ရောက်လာတာကြောင့် ရွာသားတွေ အကုန်ကြောက်ရွံ့ကာ ဘေးလွတ်ရာ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်လာရတယ်လို့ အလယ်ပိုင်းရွာခံ အမျိုးသမီးတယောက်က ပြောပါတယ်။
“အကုန် ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ ထုံနွယ်ဘက် ပြေးတဲ့သူက ပြေးကြတယ်။ ရွာထိပ်ကနေ သေနတ်နဲ့ပစ်၊ လက်နက်ကြီးတွေလည်း ပစ်တယ်။ ဘယ်ကိုကျမှန်းတောင် မသိဘူး။ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုနဲ့ မိန်းမကြီး ၁၀ ယောက်လောက်ပဲ ကျန်တယ်။”
စစ်ကြောင်းက ဖမ်းဆီးထားတဲ့ ရွာခံအမျိုးသားတွေနဲ့ အမျိုးသမီးတွေကို ညနေ ၅ နာရီကျော်လောက်မှာ ပြန်လွှတ်ပေးလိုက်ပြီးတော့ ရွာခံလူငယ်တယောက်ဖြစ်တဲ့ အသက် ၂၂ နှစ်အရွယ်ရှိ ကိုခိုင်ဇော်ဟိန်းကို စစ်ကြောင်းပြန်ဆုတ်ခွာချိန်မှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ပြောပါတယ်။
“သူတို့က ဘန်းလမွတ်ရွာထဲမှာ စခန်းချထားတယ်။ အဲဒီကို ခေါ်သွားတာပါ။ သူ့ကို လမ်းကနေ ခေါ်တာလား၊ အိမ်ကနေပဲ ခေါ်တာလားတော့ မသိဘူး။ ဆိုင်ကယ်ပါသွားတယ်။ သူ့အိမ်မှာက ဓာတ်ဆီရောင်းနေတာပါ။”
အဆိုပါစစ်ကြောင်းဟာ အလယ်ပိုင်းကျေးရွာအနီးရှိ ဘန်းလမွတ်ကျေးရွာကို အင်အား အလုံးအရင်းနဲ့ အရင်ဝင်ရောက်တပ်စွဲထားပြီးမှ တပ်စုတခုခွဲကာ အလယ်ပိုင်းကျေးရွာကို စစ်ကြောင်းထိုးလာတာ ဖြစ်တယ်လို့ ကျေးရွာနေပြည်သူတွေက ဆိုပါတယ်။
လက်ရှိ စစ်ကြောင်းဟာ ဘန်းလမွတ်ကျေးရွာမှာ တပ်စွဲထားတာကြောင့် ထွက်ပြေး တိမ်းရှောင်နေကြတဲ့ အလယ်ပိုင်းကျေးရွာက ဒေသခံပြည်သူတွေမှာ နေရပ်ပြန်မရသေးဘဲ ကျေးရွာတချို့မှာ တိမ်းရှောင်နေကြရတယ်လို့ ဒေသခံပြည်သူတွေက ပြောပါတယ်။