
ကွင်းလယ်လူ ဒီဘရိုင်းရဲ့ နှုတ်ဆက်ပွဲမှာ မန်စီးတီးကစားသမားဟောင်းတွေက ဂုဏ်ပြုစကား အသီးသီးပြောကြားခဲ့ကြပါတယ်။
ဘုန်းမောက်အသင်းကို ၃ ဂိုး ၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်းနောက်ဆုံးပွဲစဉ်မှာ ဒီဘရိုင်းအတွက် နှုတ်ဆက်ပွဲပြုလုပ်ပေးခဲ့ကြတာပါ။
ကွင်းထဲဝင်ရာမှာ ဒီဘရိုင်းက ဇနီးဖြစ်သူနဲ့အတူ ကလေး ၃ ယောက်ကိုပါ ခေါ်ဆောင်လာခဲ့ပြီး မန်စီးတီးကစားသမားတွေက လက်ခုပ်တီးပြီးဂုဏ်ပြုခဲ့ပါတယ်။
အလားတူ မန်စီးတီးကစားသမားဟောင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့်ကွန်ပနီ၊ ကွင်းလယ်လူဟောင်း ဖာနန်ဒင်ညိုနဲ့ တိုက်စစ်မှူး အဂွဲရိုးတို့ အပါအဝင် ဂိုးသမားဟောင်းဂျိုးဟတ်၊ စတာလင်နဲ့ ဆာနေးတို့ကလည်း ကွင်းထဲရှိ တီဗွီမျက်နှာပြင်ကနေတဆင့် ဂုဏ်ပြုစကား ပြောကြားခဲ့ကြတာပါ။
ဒီဘရိုင်းဟာ မန်စီးတီးရဲ့ ဂန္ထဝင်သူရဲကောင်းဖြစ်ပြီး ဒီဘရိုင်းနဲ့အတူ တွဲဖက် ကစားခွင့်ရခဲ့တာကို အမြဲတမ်းဂုဏ်ယူနေမှာဖြစ်ကြောင်း အဂွဲရိုးက တီဗွီမျက်နှာပြင်ကနေ ပြောပါတယ်။
မန်စီးတီးအသင်းက မိမိတို့မိသားစုရဲ့အိမ်ဖြစ်ပြီး ကလေး ၃ ယောက်က ဒီမှာပဲ မွေးဖွားခဲ့ကြောင်း၊ အသင်းနဲ့အတူ အရာအားလုံးရယူနိုင်ခဲ့ပြီး ထိပ်တန်းအသင်းကြီးတသင်း ဖြစ်လာအောင် လုပ်ဆောင်နိုင်ခဲ့တဲ့အပေါ် ကျေနပ်ပျော်ရွှင်မိကြောင်း ဒီဘရိုင်းက သူ့ရဲ့နှုတ်ဆက်ပွဲမှာ ပရိသတ်တွေကို ပြောသွားခဲ့ပါတယ်။
Photo:Reuters