DVB Logo
Home
မြန်မာသတင်း
ဗန်းမော်ကိုစစ်ကူပို့သည့် စစ်တပ်ရဟတ်ယာဉ် ၁ စီး KIA ပစ်ခတ်မှုကြောင့် ပျက်ကျ
DVB
·
May 20, 2025
ဗန်းမော်ကိုစစ်ကူပို့သည့် စစ်တပ်ရဟတ်ယာဉ် ၁ စီး KIA ပစ်ခတ်မှုကြောင့် ပျက်ကျ
Donate to DVB

ကချင်ပြည်နယ်၊ ဗန်းမော်ကို စစ်ကူလာပို့တဲ့ စစ်ကောင်စီတပ်ရဲ့ ရဟတ်ယာဉ် ၃ စီးထဲက တစီးဟာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)  ဘက်က ပစ်ချလို့  ပျက်ကျခဲ့တယ်လို့  KIO သတင်းပြန်ကြားရေးက အတည်ပြုပါတယ်။

မေ ၂၀ ရက်မှာ စစ်ကောင်စီဘက်က ဗန်းမော်မှာရှိတဲ့ စကခ ၂၁ ဌာနချုပ်ထဲကို ရဟတ်ယာဉ် ၃ စီးနဲ့ စစ်ကူလာရောက်ပို့ဆောင်ခဲ့တာဖြစ်ပြီး KIA တပ်တွေဘက်က ပစ်ခတ်ခဲ့တာကြောင့် ၂ စီး ထိမှန်ခဲ့တာ ဖြစ်ပါတယ်။

ထိမှန်တဲ့တစီးကတော့ ရွှေကူမှာ အရေးပေါ်ဆင်းသက်ခဲ့ရပြီး တစီးကတော့ ရွှေကူမရောက်ခင်မှာဘဲ ပျက်ကျခဲ့တာလို့ ကချင်လွတ်လပ်ရေးအဖွဲ့  (KIO)  သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက DVB ကို ပြောပါတယ်။

“ဒီနေ့ညနေပိုင်း တနာရီအချိန်မှာ စကခ ၂၁ ဌာနချုပ်နားမှာ ရဟတ်ယာဉ် ၃ စီး ဆင်းပြီးမှ အင်အားဖြည့်ဖို့ အစီအစဉ်ရှိတယ်လို့ ကြားပါတယ်။ ဆိုတော့ အဲဒီ ဆင်းသက်တဲ့ ရဟတ်ယာဉ် ၃ စီးကို ကျနော်တို့ဘက်က ဝိုင်းပစ်လို့ ၂ စီးထိသွားတယ်လို့ ကြားတယ်။ ၂ စီး ထိသွားတဲ့ထဲက တစီးကတော့ ရွှေကူမှာ အရေးပေါ် ဆင်းသက်နိုင်တယ်လို့ ကြားတယ်။ နောက်တစီးကတော့ ရွှေကူရောက်ဖို့ ၁၆ မိုင်ဝန်းကျင်လောက် ဝေးတဲ့နေရာမှာ ပျက်ကျသွားပြီးတော့မှ တောထဲမှာ မီးလောင်ပျက်စီးသွားတယ်ဆိုတဲ့ သတင်းကတော့ ရပါတယ်။”

တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ကို လက်မလွှတ်ရဖို့အတွက် စစ်ကောင်စီဘက်က စစ်ကူအင်အားတွေကို တောက်လျှောက်ဖြည့်တင်းနေတာဖြစ်ပြီး ကုန်းကြောင်းနဲ့ ရေကြောင်းကို KIA ဘက်က ဖြတ်တောက်ထားတာပါ။ ဒါကြောင့် စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး စစ်ကူပို့နေတာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်-ကားမိုင်းလမ်းကနေ ဖားကန့်ဘက်ကို စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းကို KIA ပူးပေါင်းတပ်တွေက ပိတ်ဆို့တိုက်ခိုက်နေတဲ့ကြားက ပျားအုံရွာကို ရောက်ရှိလာပြီး တံတားညီနောင်တဝိုက်မှာ တိုက်ပွဲပြင်းထန်နေသလို စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်နေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

“ဒီမနက်လည်း ဂျက်ဖိုက်တာ ၂ စီး ၁၀ နာရီကျော်မှာ လာပစ်သွားတယ်။ တံတားညီနောင်တဝိုက်ကို။ မနေ့တုန်းကလည်း ပစ်တယ်။ တနေ့တုန်းကလည်း ပစ်တယ်။ တိုက်ပွဲကတော့ နေ့တိုင်းဖြစ်နေတယ်။ ကပ်မှော်ကျော်ပြီး ခွမ်စိုင်ဇွပ်ကနေ တံတားညီနောင်ကို ရောက်လာတာပေါ့၊ တရက်ကို နည်းနည်းချင်းတိုးလာတာ။ တံတားညီနောင်တဝိုက်မှာ တိုက်ပွဲပြင်းနေပြီးတော့ ပျားအုံဘက်ကို ထပ်ထိုးလာတာ။ ပျားအုံကျော်ရင်တော့ နမ့်တိန်းရောက်ပြီ။”

မေ ၁၉ ရက် ညကလည်း ဖားကန့် တပ်မကုန်းကနေ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ကူခဲ့တယ်လို့ ဆိုပါတယ်။

ဖားကန့်-ကာမိုင်းလမ်းအတိုင်း တက်လာမယ်ဆိုရင် လမ်းမတကြောမှာ မအူပင်၊ ကျောက်ထု၊ အွမ်ကထောင်၊ ခင်တောင်၊ နန့်ယား၊ ကပ်မှော်ဇွပ်၊ ဆိုင်းဖရာ၊ ခွန်ဆိုင်ဇွပ်၊ ဂေါ်ရီယန်၊ တံတားညီနောင်၊ ရုံးတောင်၊ ပျားအုံ၊ ကျောက်ထု၊  နန့်တိန်း၊ ၇ မိုင်၊ ၆ မိုင်၊  ၅ မိုင်၊  ကျောက်ဖျာ၊ လယ်ပြင်၊ လုံးခင်းနဲ့ ဖားကန့်တို့ ဖြစ်ပါတယ်။

KIA သတင်းရင်းမြစ်က “လဝါး ကားမိုင်းလမ်းကနေ ဖားကန့်ကို တက်လာတဲ့ စစ်ကြောင်းက ၂၈ ရက်ရှိပြီ။ အဲဒီမှာ လောလောဆယ် တံတားညီနောင်အထိ ရောက်လာပြီ။ လေကြောင်းပစ်ကူရယ်၊ ဒရုန်း၊ ပြီးရင် တင့်ကား ၂ စီးရယ် မြေပြင်ထိုးစစ် အဲလိုတက်လာတာ။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေ ရှိပေမဲ့ အင်အား ၆၀၀ ကျော်လောက် တက်လာတာဆိုတော့။ ပြီးရင် နန့်ယားမှာ တချို့နေအိမ်တွေ မီးရှို့ပစ်လိုက်တာတွေရှိတယ်။ ပစ္စည်းတွေ ခိုးယူသွားတာတွေ ရှိတယ်။ စကစကပေါ့။ SNA နဲ့ ပြည်သူ့စစ်တွေလည်း ပါတယ်။ အဓိက မိုးကောင်းက စကခ ၃ က အများစုပါတယ်” လို့ ပြောပါတယ်။

ဖားကန့်ဘက်ကို စစ်မျက်နှာ ၃ ခုကနေ အင်အားအလုံးအရင်းနဲ့ ထိုးတက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က ခုခံတိုက်ခိုက်ခံနေတဲ့အတွက် ဖားကန့်မြို့ဝင်ပေါက် ၃ နေရာစလုံးမှာ စစ်ရေးတင်းမာနေတာပါ။

ဧပြီ ၂၃ ရက်ကစပြီး ကားမိုင်း-ဖားကန့်လမ်းကနေ စစ်အင်အား ၅၀၀ ခန့်ရှိတဲ့စစ်ကြောင်းဟာ လေကြောင်းအကူနဲ့ မေ ၇ ရက်နေ့မှာ ဆိုင်းဖရာကျေးရွာကို ဝင်ရောက်သွားနိုင်ခဲ့ပြီးနောက် တံတားညီနောင်နဲ့ ပျားအုံအထိ ရောက်ရှိလာပြီး KIA ရဲ့ ပိတ်ဆို့တိုက်ခိုက်ခံရတဲ့အတွက် တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် အင်းတော်ကြီး-ဖားကန့်လမ်းကြောင်းကနေ တက်လာတဲ့ စစ်အင်အား ၅၀၀ ခန့်ကလည်း  စစ်ကြောင်းနှစ်ဖွဲ့ခွဲပြီး နန့်မွန်း-ချောင်းဝလမ်းအပြင် နောက်ထပ် နန့်မွန်း-မိုင်းနောင်-ဂွေခါလမ်းဘက်ကနေ စစ်ကြောင်းထိုးနေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ဖားကန့်မြို့ထဲ ဝင်ရောက်နိုင်တဲ့ ကားမိုင်း-ဖားကန့်လမ်း၊ အင်းတော်ကြီး-ဖားကန့်လမ်း၊ ဖားကန့်-ဆယ်ဇင်း-တာမခံ လမ်းကြောင်းကနေ ထိုးစစ်ဆင် ဝင်ရောက်ဖို့ ကြိုးစားနေတဲ့အတွက် ဖားကန့်သွားလမ်းမှာ စစ်ရေးတင်းမာနေတာ ၄ ပတ်ခန့် ကြာမြင့်လာပြီ ဖြစ်ပါတယ်။

ထက်ဝေအောင်/ဟန်န

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013