
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်မှာ ရေတိုက်စားမှုကြောင့် ဒေသခံတွေအတွက် အရေးပါတဲ့ ချောင်းကူးတံတား ၂ စင်း ရေစီးနဲ့ မျောပါ ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သာပေါင်းမြို့နယ် တစ္ဆေချောင်းကျေးရွာနဲ့ ကံကလေးကုန်းကျေးရွာကို ဆက်သွယ်ထားတဲ့ အရှည်ပေ ၃၀၀ ရှိ ချောင်းကူးတံတားနဲ့ မဒေါ့ကုန်းကျေးရွာနဲ့ ရိုးဝကျေးရွာကို ဆက်သွယ်ထားတဲ့ အရှည်ပေ ၂၀၀ ရှိ ချောင်းကူးတံတား ၂ စင်းဟာ ရေတိုက်စားမှုကြောင့် သြဂုတ် ၂၃ ရက်နဲ့ ၂၄ ရက်တွေမှာ ရေစီးနဲ့မျောပါ ပျက်စီးခဲ့တာလို့ သိရပါတယ်။
ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးသူတယောက်က “တံတား ၂ စင်းပါ ရေစီးနဲ့ မျောပါသွားတာ။ ရေတွေက တဟုန်ထိုး တိုက်စားသွားတာ။ လူတွေထိခိုက်တာတော့ မရှိဘူး” လို့ ပြောပါတယ်။
တံတား ၂ စင်း ရေစီးနဲ့မျောပါသွားတာကြောင့် ဒေသခံတွေဟာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး ရေစီးသန်နေတာကြောင့် အန္တရာရှိတဲ့ အခြေအနေရှိတယ်လို့ သိရပါတယ်။
သာပေါင်းဒေသခံတယောက်က “မိုးရွာတော့ ရေကတိုးလာတယ်။ တံတားတွေလည်း မရှိတော့ဘူး။ ရုတ်တရက် ရေ တက်လာမယ်ဆို အကုန်ဒုက္ခရောက်မှာ” လို့ ပြောပါတယ်။
ရေတိုက်စားမှုကြောင့် ရေစီးနဲ့မျောပါသွားတဲ့ တံတား ၂ စင်းကို သာပေါင်းမြို့နယ်ထဲက ရုံပင်၊ ကံကလေး၊ ရွာသစ်ကုန်း၊ တစ္ဆေချောင်း၊ မဒေါ့ကုန်း၊ ရိုးဝ စတဲ့ကျေးရွာတွေအပါအဝင် ကျေးရွာ ၁၆ ရွာခန့်က ဒေသခံတွေ အဓိကအသုံးပြုနေရတဲ့ တံတားတွေ ဖြစ်တယ်လို့ သိရပါတယ်။
ဩဂုတ် ၂၃ ရက် မနက် ၇ နာရီခန့်ကလည်း ဧရာဝတီတိုင်း သာပေါင်းမြို့နယ် အမှတ် ၂ ရပ်ကွက် သီရိဇေယျာလမ်းရှိ မှန်စီပရိယတ္တိစာသင်တိုက် ကျောင်းဝန်းအတွင်းက သစ်ပင် လဲကျမှုကြောင့် ကျောင်းအုတ်တံတိုင်း ၅၆ ပေပတ်လည်ခန့် ပျက်စီးခဲ့ပြီး ၄၀၀ ဗို့ လျှပ်စစ်မီးလိုင်း တိုင်တတိုင်လည်း လဲကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
Photo: Ko Htet











