
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာ ဘောလုံးကွင်းနဲ့ အနီးအနားကျေးရွာတွေမှာ ပြုလုပ်နေတဲ့ လောင်းကစားဝိုင်းတွေကြောင့် ဒေသအတွင်းမှာ ခိုးမှုနဲ့ ဒုစရိုက်မှုတွေ ပိုမိုများပြားလာနေတယ်လို့ နယ်မြေခံတွေက DVB ကို ပြောပါတယ်။
အခုပြုလုပ်နေတဲ့ လောင်ကစားဝိုင်းတွေကို အာဏာသိမ်းစစ်တပ်နဲ့ လက်အောက်ခံ အုပ်ချုပ်ရေးပိုင်းတွေ အပါအဝင် ဒေသတွင်းက ဌာနေတိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့တွေကို ငွေကြေးပေးဆောင်ပြီး လုပ်ဆောင်နေတာလို့ ဆိုပါတယ်။
နယ်ခံတယောက်က “ကျနော်တို့ နောင်ပိန်ဘောလုံးကွင်းထဲမှာ ဂုံးကင်း၊ လေးကောင်ဂျင်၊ ရှမ်းကိုးမီး ပြီးတော့ ဖိုက်ကျုး လောင်းကစားဝိုင်းတွေပါတဲ့ ပွဲလုပ်နေတာ ၇ ရက်လောက်ရှိပြီ။ ၁ လကတည်းကို အနီးနားပတ်ဝန်းကျင်ရွာတွေမှာလည်း လောင်ကစားပါတဲ့ပွဲလုပ်တာ လေး ငါး ခြောက်ပွဲလောက် ရှိပြီ။ အခုပွဲဖြစ်နေတုန်းကို နောင်ပိန်မှာ ဆိုင်ကယ် ၃၊ ၄ စီး ပျောက်တယ်။ ပြီးတော့ မီးကြိုးတို့ အိမ်သုံးပစ္စည်းတော်တော်များများလည်း ခိုးခံနေရတယ်။ ဒီပွဲတွေကို လုပ်တာ တပ်တို့၊ စရဖတို့၊ အက်စ်အက်စ်ပီပီတို့ပေါ့ အားလုံးပါတယ်။ သူတို့ကိုယ်တိုင်လည်း ဒီထဲမှာ သွားလာလှုပ်ရှားနေကြတယ်” လို့ ပြောပါတယ်။
ကျောက်မဲမြို့နယ်၊ နောင်ပိန်းကျေးရွာဟာ မန္တလေး–လားရှိုး ပြည်ထောင်းစုလမ်းမကြီးအနီးမှာ တည်ရှိပါတယ်။
အာဏာသိမ်းစစ်တပ်က ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ဆုံးရှုံးထားတဲ့ မြို့ရွာတွေကို ပြန်လည်ထိုးစစ်ဆင် သိမ်းပိုက်တဲ့ စစ်ဆင်ရေးအတွင်း နောင်ပိန်တိုက်နယ်ဟာ စစ်ရေးလမ်းကြောင်းပေါ်မှာ ကျရောက်ခဲ့တာကြောင့် စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေအတွင်း သာသနိက အဆောက်အအုံတွေအပါအဝင် လူနေအိမ် ရာနဲ့ချီပြီး ထိမှန်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဗုဒ္ဓသာသာနာနွယ်ဝင် ရဟန်း၊ သံဃာ၊ ကိုရင်တွေအပြင် အရပ်သား သေဆုံးမှုဟာ ၁၀ ယောက်ထက်မနည်းရှိခဲ့တာပါ။ လက်ရှိ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နေတဲ့ကာလအတွင်း အခုလို လောင်ကစားဝိုင်းတွေ ပြုလုပ်နေတာဟာ ရပ်၊ ရွာတိုးတက်ရေးကို ထိခိုက်နေတယ်လို့ ဆိုကြပါတယ်။
နယ်ခံတယောက်က “ကျနော်တို့ နောင်ပိန်ရွာဆိုတာလည်း စစ်ကြောင့် ထိခိုက်ပျက်ဆီးမှုတွေ များထားတာ၊ အိုးအိမ်တွေ ပျက်စီးထားတာလည်း တော်တော်များတယ်။ အခုက စစ်ရဲ့ နာလန်ထချိန် စီးပွားရေးလေး ဦးပြန်မော့လာတဲ့အချိန် တောင်သူလယ်သမားတွေ မြေကြီးထဲကို အရင်းအနှီး စိုက်ပျိုးချတဲ့အချိန်မှာပေါ့။ ဒီလိုအချိန်မှာ တရားမဝင် လောင်းကစားတွေကို ပေါ်ပေါ် တင်တင်ကြီး ကျူးလွန်ပြီးတော့ လုပ်နေတာတော့ မကောင်းဘူးပေါ့” လို့ ပြောပါတယ်။
၂၀၂၃ ခု၊ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/ TNLA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ အဲ့ဒီနောက် ၂၀၂၅ ခု၊ အောက်တိုဘာ ၁ ရက်နေ့မှာ ကျောက်မဲမြို့ကို အာဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်။
လက်ရှိ ကျောက်မဲမြို့နယ်အတွင်းမှာ အာဏာသိမ်းစစ်တပ်၊ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် (PSLF/ TNLA) တို့က နယ်မြေအပိုင်းအခြားအလိုက် စိုးမိုးထိန်းချုပ် လှုပ်ရှားနေကြပါတယ်။











