Home
ဆောင်းပါး
အငွေ့ပျံသွား ကျပ်ငွေများ 
မောင်တူး
·
May 20, 2025

လက်ထဲတွင်ပျောက်

တဝက်လောက်ပင်

မကျန်ချင်ပါ

မြန်မာကျပ်ငွေ

အငွေ့တွေ ပျံကုန်ပြီတကား။ ။

၂၀၂၁ ခုနှစ်က ကျနော် ရန်ကုန်မှာနေတယ်။ ထိုင်းကို ငွေပို့တယ်။ ကျပ်တသိန်းကို ဘတ် ၃၀၀၀ ရတယ်။ အခု ကျပ် တသိန်းကို ဘတ် ၇၅၀ ပဲ ရတော့တယ်။ ဈေးတွက်နဲ့ တွက်ရင် အရင်က ဘတ် ၃၀၀၀ ဟာ အခု ၇၅၀ ပဲ ရှိတော့တာပေါ့။ ငွေ သုံးပုံတပုံ ပျောက်သွားပြီ။ မြန်မာပြည်သူလူထုတွေရဲ့ ငွေတွေ ဘဏ်မှာပဲ ထားထား၊ အိမ်က မီးခံသေတ္တာထဲပဲထားထား အရင်က သိန်း ၁၀၀ ဟာ အခု ၂၅ သိန်းပဲတန်တော့တယ်။ သိန်း ၁၀၀၀ ဆိုရင် သိန်း ၂၅၀ ပဲ တန်တော့တယ်။ ဒီအတိုင်းသာ အာဏာသိမ်း စစ်ကောင်စီက ဆက် ဗိုလ်ကျ ဖိနှိပ်နေသမျှတော့ ဖက်ဆစ်ဂျပန်ငွေတွေလို "ထောင်မလဲ သဲကော်" ဖြစ်တော့မယ်။ မထူးပါဘူးလေ အခု အာဏာသိမ်း မင်းအောင်လှိုင် စိုးဝင်းတို့အဖွဲ့ဟာလဲ ဖက်ဆစ်တပ်ပဲ။

ထောင်မလဲ သဲကော်

၁၉၄၂ ခုနှစ် မတ်လမှာ ဂျပန်က မြန်မာပြည်ကို သိမ်းနိုင်ခဲ့တယ်။ ဂျပန်အစိုးရက ငွေစက္ကူတွေ ရိုက်နှိပ်ထုတ်ဝေခဲ့တယ်။ ဂျပန်ခေတ်က ပိုက်ဆံတွေကို စက်နဲ့ ဒလဟော ရိုက်ထုတ်တော့ ပိုက်ဆံတွေ တန်ဖိုးကျကုန်တယ်။ ဈေးဝယ်ရင် ဂုန်နီအိတ်နဲ့ ပိုက်ဆံတွေ ထည့်သွားရတယ်။ ပိုက်ဆံစက္ကူတွေက များပြားလွန်းတော့ နည်းနည်းဟောင်းရင်မယူတော့ဘူး။ ဒါကြောင့် ငွေစက္ကူကို ထောင်လို့ရမှ၊ မလဲမှ ဈေးသည်ကယူတယ်။ သဲနည်းနည်းလောက်ကို ကော်လို့ရရင် ယူတယ်။ အဲ့ဒါကို ထောင်မလဲ သဲကော် ငွေစက္ကူလို့ ခေါ်တယ်။ ဖက်ဆစ်က ငွေတွေဘယ်လောက်များ ရိုက်ထုတ်သွားသလဲဆိုရင် စစ်ပြီးလို့ အင်္ဂလိပ် ပြန်ဝင်လာချိန် ရောက်တော့ လူတိုင်းလိုလိုလက်ထဲမှာ ဂျပန်ပိုက်ဆံ အသစ်စက်စက်တွေ ထောင်ပုံရာပုံ ကျန်နေခဲ့တာပေါ့။ အခုလည်း ကုန်ဈေးနှုန်းတွေတက်လာတော့ ဝါဇီကနေ ငွေစက္ကူတွေ နေ့ဆိုင်း ညဆိုင်းနဲ့ ရိုက်ထုတ်နေပြီလေ။ နောက်ဆက်တွဲ အကျိုးဆက်ကတော့ ငွေကြေးတွေ အဆမတန် ဖောင်းပွပြီး ကုန်ဈေးနှုန်းတွေ မတန်တဆ တက်ကုန်တော့တာပါ။

မကြားချင်အဆုံး ကုန်ဈေးနှုန်း

၂၀၂၁ ခုနှစ်က ကြက်ဥတလုံး ၁၀၀ အခု ၅၅၀ ကျပ်၊ ၂၀၂၁ က ကန်စွန်းရွက်တစည်း ၂၀၀ အခု ၁,၀၀၀၊ ၂၀၂၁ က ဆန်တပြည် ၁,၅၀၀ က အခု ကျပ် ၇,၀၀၀ ကျော်ပြီ၊ စားအုန်းဆီကလည်း တပိဿာ ၂,၃၀၀ ကနေ အခု ၁၅,၀၀၀ ဖြစ်နေပြီ။ ၂၀၂၁ က ကြက်သား တပိဿာ ၇,၀၀၀ ကျပ်က အခု ၃၀,၀၀၀ ကျပ် တဆယ်သား ၃,၀၀၀ ဖြစ်ပြီ။ ကြက်သားက ၃,၀၀၀ ဖိုး ဝယ်လို့ရသေးတယ်။ ဝက်သားဆိုရင် အနည်းဆုံး ၅,၀၀၀ မှ ရတယ်။ ဝက်သားတပိဿာ ၅၀,၀၀၀ ပါ။ ပိုက်ဆံတွေ ကိုက်စားရသလို ဖြစ်နေပြီပေါ့။ အိမ်ငှားခတွေ ဈေးတက်တယ်။ လစာတွေက မတိုးပါ။ မီးကမလာ ရေမလာ ဆေးဝါးတွေလည်း ဈေးတွေတက်တယ်။ ဓာတ်ဆီဈေးတွေတက်၊ ကားခ တက္ကစီခတွေ တက်တယ်။ အကုန်တက်တာပါ။ ကျတာ ဘာမျှမရှိ။ စိတ်ဓာတ်တွေသာ ကျပြီးရင်း ကျနေပါတယ်လို့ မြန်မာပြည်သူ ပြည်သားတိုင်းက ပြောနေကြပြီ။ အလုပ်မရှိတဲ့ အိမ်ဦးနတ် ငွေမရှာနိုင် မှိုင်၊ အိမ်ရှင်မက ဗျစ်တောက် ဗျစ်တောက် ဖြစ်နေတဲ့ အိမ်တွေများလာနေပြီ။ လင်မယား ရန်ဖြစ်တဲ့ အိမ်တွေများလာနေ၊ သူခိုးတွေကပူ လုယက်မှုတွေကပေါ၊ ပြည့်တန်ဆာတွေများလာ၊ လိမ်လည်မှုတွေကနေရာစုံမှာ၊ ရပ်ကွက်တွေဆူပြီ။ မြို့တွေ ပူနေပြီ။ တပြည်လုံး ကြိမ်မီးအုံး။

စစ်အာဏာရှင်ချင်းအတူတူ သူက ပိုဆိုးတယ်

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းခေါင်းဆောင် မအလက တိုင်းပြည်ပျက်အောင် လုပ်ရာမှာ သူတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီး စစ်အာဏာရှင်ဟောင်း ဦးနေဝင်းထက် ပို လက်ဝါးဇောင်းထက် သွားပါပြီ။ ဟုတ်တယ်လေ ဈေးနှုန်းတွေ အလွန်အကျွံတက်ရင် ကျပ်ငွေဈေးတွေ အလွန်အမင်း ကျဆင်းရင် တိုင်းပြည်ပျက်တာပဲ မဟုတ်ဘူးလား။ ဦးနေဝင်းက ၁၉၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်တုန်းက ၂၅ ကျပ်တန်၊ ၃၅ ကျပ်တန်၊ ၇၅ ကျပ်တန် ငွေ စက္ကူတွေကို တရားမဝင် (ငွေမည်း) ကြေညာခဲ့တယ်။ ကျနော်တို့ မြန်မာတပြည်လုံး ဒုက္ခရောက်ခဲ့တယ်။ အခု အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မအလ ကတော့ တရားမဝင် မကြေညာပဲနဲ့ကို အိတ်တွေထဲက၊ အိမ်တွေထဲက၊ ဘဏ်တွေထဲက ကျနော်တို့ရဲ့ ငွေတွေကို အငွေ့ပျံ လျော့ပျောက်သွားအောင် လုပ်ခဲ့တာပါ။ နာမည်ဆိုး ထွက်စေမယ့် တရားမဝင် ငွေစက္ကူရယ်လို့ မကြေညာပါ။ ဒါပေမဲ့ ၁ သိန်းကျပ် ကိုင်ထားပါလျက် ၂၅၀,၀၀ ကျပ်သာ တန်ဖိုးရှိတော့မည်။ သိန်း ၁၀၀,၀ ဘဏ်မှာ ထည့်ထားပေမဲ့ သိန်း ၂၅၀ သာ တန်ဖိုးရှိတော့မည်။ ကျပ်ငွေတန်ဖိုးတွေ လျော့ကုန်ပြီ၊ ပျောက်ကုန်ပြီ။ တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ အစိုးရကို အာဏာသိမ်းခဲ့တဲ့ စစ်အာဏာရှင် မင်းအောင်လှိုင်ကြောင့် ဒီလိုဖြစ်ရတာလို့ လူတိုင်း ပြောနေကြပြီ။

ကုန်ဈေးနှုန်း ဘာကြောင့်တက်

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ ကုန်ဈေးနှုန်း တက်ရတာဟာ မသမာသူတွေရဲ့ ဈေးကစားတာကြောင့်လို့ မကြာခဏ ပြောပါတယ်။ တကယ်တမ်းကတော့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ စီမံခန့်ခွဲမှု မတတ်တာတွေကြောင့်ပါ။ စာရေးဆရာကြီး အောင်သင်းက ပြောဖူးပါတယ်။ ဗိုလ်သင်တန်းကျောင်းဆင်း စစ်ဗိုလ်တွေဟာ သူတို့အကုန်သိ အကုန်တတ်တယ်လို့ အထင်ရှိသတဲ့။ ဗိုလ်ချုပ်ကြီးတွေ ဆိုရင်တော့ တတိုင်းပြည်လုံးက လူတွေဟာ သူတို့လောက် မသိ မတတ်ကြဘူးလို့ ထင်နေတာပေါ့။ တကယ်တော့ စစ်နိုင်အောင် ဘယ်လိုတိုက်ရမလဲ ဆိုတာတောင် သူတို့ မသိကြပါ။ အခုလည်း စစ်ရှုံးနေတာပဲလေ။ လေးနှစ်သား PDF ကတောင် ၉ မြို့သိမ်းထားပါပြီ။ တော်လှန်ရေး တပ်ပေါင်းစုတွေက မြို့ပေါင်း ၉၀ ကျော် သိမ်းထားပါပြီ။ စစ်ဗိုလ်ချုပ်လုပ်ပြီး စစ်ကိုတောင်မှ နိုင်အောင် မတိုက်တတ်ရင် ကျန်တဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတို့ကိုတော့ ဘယ်လိုလုပ် လုပ်နိုင်မှာလည်း။ ညံ့စွ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရလက်ထက်တုန်းကဆိုရင် စီမံမှုကောင်းတော့ တစ တစ ကောင်းလာနေပြီ။ အဲ့ဒါကို လောဘ မာန အာယာတ ကြီးပြီး စစ်အာဏာသိမ်းလိုက်တော့ အခုဆို ပြည်သူတွေ အငတ်ဘေး ဆိုက်နေကြပြီပေါ့။ 

မေလ ၁၀ ရက်နေ့က အသက် ၇၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့် စကားနဲ့ ပြောရရင် ကျမတို့လက်ထဲ တနှစ်လောက် ပြန်အပ်လိုက်စမ်းပါပေါ့။ ကျပ်ငွေဈေးတွေက ၄ ဆလောက် ကျနေပေမဲ့။ ကုန်ဈေးနှူန်းတွေက ၄ ဆ လောက် တက်နေပြီး ပြည်သူတွေ ဒုက္ခတွေ့နေကြပေမဲ့ စစ်ဗိုလ်ချုပ်ကြီးတွေကတော့ အလွန်အမင်း ပိုပို ချမ်းသာလာနေပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ဆိုရင် ရုပ်ရှင်ကုမ္ပဏီကြီးတွေ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ ခရိုနီလက်သစ် ဘီလျံနာ သူဌေးကြီးတွေ ဖြစ်နေကြပါပြီ။ သန်းရွှေ၊ နေဝင်း စတဲ့ အာဏာရှင် လက်ဟောင်းကြီးတွေရဲ့ သားမြေးမြစ်တွေဟာလည်း အလွန်အမင်း ချမ်းသာနေကြဆဲပေါ့။

စစ်ဗိုလ် တိုက်ဆောက်

စစ်သား ချိုင်းထောက်

ပြည်သူ ဗိုက်မှောက်

ဒီလိုပဲထိုင်ကြည့်နေလို့ကတော့ ကောင်းလာမှာမဟုတ်

“၂၀၂၁ ခုနှစ် အာဏာသိမ်းစက ကျပ် ၅,၀၀၀ လောက် ကိုင်သွားရင် ဈေးထဲသွားပြီး ဈေးဝယ်လို့ ဖြစ်သေးရဲ့။ ၂၀၂၄ လောက်က ၂၀,၀၀၀ ကိုင်သွားရင် ဈေးဝယ်လို့ မတတ်တော့ဘူး။ အခုတော့ ငွေ ၃၀,၀၀၀ ပါမှ ဈေးထဲသွားရဲတော့တယ် " လို့ အိမ်ရှင်မ တယောက်က ပြောပြပါတယ်။ 

ဒီကြားထဲက စစ်မှုမထမ်းမနေရ ဆိုပြီး ငွေညှစ်လို့ လစဉ် အုပ်ကြီးကို ၃၀,၀၀၀ စီ ပေးနေကြရသေးရဲ့။ ရွာလုံးကျွတ် မီးရှို့ခံကြရတာကလည်း ရွာပေါင်း တသိန်းကျော်ပြီ။ ပြည်တွင်းမှာ စစ်ထဲမဝင်ချင်လို့ အလုပ်မရှိလို့ ပြည်ပကို ပြေးထွက်ထွက်ပြီး အလုပ်သွားရှာ ပြန်တော့လည်း တရားမဝင်မှုတွေနဲ့ အဖမ်းခံကြရပြန်တယ်။ လျှပ်စစ်မီးကပျက် အလုပ်ရှိသူတွေတောင် အလုပ်က နားတချက် လုပ်တချက်နဲ့ပါ။ ဒီကြားထဲ ရေဘေးတွေတွေ့၊ သဘာဝဘေး ဖြစ်တိုင်းလည်း စစ်အာဏာရှင်က မကူညီတဲ့အပြင် ကူညီတဲ့သူတွေကိုပါ ဖမ်းနေကြတယ်။ အခုနောက်ဆုံး မတ်လ ၂၈ ရက် စစ်ကိုင်း ငလျင်ကြီး ၇ ဒသမ ၇ စကေး ပြင်းအားနဲ့ လှုပ်ခဲ့လို့ ပြိုပျက်သေကျေ ကြတာတောင် စစ်အာဏာရှင်က သေသေချာချာ မကူညီပါ။ ငလျင်ဘေးကို မကူတဲ့အပြင် လေယဉ်တွေ ရဟတ်ယာဉ်တွေနဲ့ ဗုံးကြဲ သတ်ဖြတ်မှုလည်း မရပ်ပါ။ မရပ်တဲ့အပြင် တိုးလို့တောင် မိုက်နေသေးရဲ့။ ငလျင်ဘေး ကူညီနေတဲ့ ပရဟိတတွေကို ကန့်သတ်နေတယ်။ ငလျင်ဘေး ကူညီနေသူ လူငယ်တွေကို ပေါ်တာဖမ်းပြီး စစ်ထဲထည့်သွင်းနေပါတယ်။ စစ်အာဏာသိမ်းခေါင်းဆောင် မအလ က လုပ်သား ရှားပါးလာပြီဆိုပြီး မကြာခင်က ပြောတာကြားရတယ်။ ရှားမှာပေါ့ သတ် ဖမ်း စစ်ထဲသွင်း ပြည်ပကိုပြေးကြ ပြည်တွင်းမှာ ရှောင်တိမ်း နေကြရနဲ့ အလုပ်လုပ်မဲ့ လူငယ်တွေ နည်းကုန်တာပေါ့။ သူတို့ စစ်တပ်ကပဲ ဒီလိုဖြစ်အောင် လုပ်နေတာလေ။ သူတို့ စစ်တပ် မရှိမှ အားလုံးကောင်းမှာပါ။ သူတို့စစ်တပ် အာဏာသိမ်းမထားမှ ကုန်ဈေးနှုန်းကျ ကျပ်ငွေဈေးတက် အေးအေးချမ်းချမ်း အလုပ်လုပ်ကြရမှာလေ။

စစ်ကျွန်ဘဝရုန်းထွက်ကြ

စစ်နွံတွင်းက၊ ရုန်းထမှ

ဘဝလှမည်၊ လွတ်လပ်မည်။ ။

ကျပ်ငွေတွေ အငွေ့ပျံပျောက်ပြီး တန်ဖိုးတွေ ၄ နှစ်အတွင်း ၄ ဆကျပြီ။ ကုန်ဈေးတွေ ၄ ဆ တက်ပြီ။ ဒါတွေဟာ ငါတို့နဲ့ မဆိုင်ဘူးလို့ မတွေးကြပါနဲ့။ ပြည်တင်းလျှင် မင်းမခံနိုင်ပါ။ ပြည်သူကြိုက်သော အစိုးရကို ပြည်သူကပဲ ရွေးတင်ကြရမှာပါ။ ကောင်းကောင်းမွန်မွန် ဒီမိုကရေစီ ရှိချိန်မှာဆို ဒီမိုကရေစီနည်းနဲ့ တခဲနက် မဲပေးပြီး ရွေးချယ်ကြရမှာပေါ့။ ရွေးလည်း ရွေးချယ်ခဲ့ကြပြီးပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူကြိုက်သောပါတီကို ရွေးခဲ့ပြီးပြီ။ ဒါပေမဲ့ စစ်တပ်က မတရားအာဏာသိမ်းပိုက် ထားလိုက်တော့ ပြည်သူ့လိုလားချက်ပျက်ခဲ့ရပြီ။ အခုတော့ အမှောင်ဆုံးကာလ ရောက်နေပြီ။ ဘာဒီမိုကရေစီမှ မရှိတော့ပြီ။ စစ်တပ်က ဟန်ပြလုပ်တာပါ။ အတုပါ။ ဒါကြောင့် ပြည်သူကို ဒုက္ခရောက်အောင် ဓားမိုးအုပ်ချုပ်ထားသူကို ဓားဆွဲတော်လှန်ချိန်ပါ။ တောင်းပန်လို့မရပါ။ ညှိနှိုင်းလို့လည်း မထူးပါ။ မလိုရင် မလိုသလို ဖုန်းလိုင်း အင်တာနက်လိုင်းတွေ အဖြတ်ခံကြရတဲ့ဘဝက လွတ်ဖို့၊ VPN တွေ ခံသုံးနေရ ဖုန်းတွေ အစစ်ခံနေကြရတဲ့ ဘဝက လွတ်ဖို့၊ စစ်မှုမထမ်းမနေရ ဘဝက လွတ်ဖို့၊ အိမ်တွေဗုံးကြဲခံနေကြရတဲ့ဘဝက လွတ်ဖို့၊ ကျပ်ငွေတန်ဖိုးတွေ ပြန်တက်လာဖို့ အာဏာသိမ်း ဖက်ဆစ်စစ်တပ်ကို ပြည်သူတရပ်လုံးက ညီညီညာညာ စည်းစည်းလုံးလုံး ပါဝင်တော်လှန် အမြစ်ဖြတ်မှသာ ရမှာပါ။

နောက်ဆုံးအနေနဲ့ အငွေ့ပျံသွားနေကြတဲ့ ကျပ်ငွေများ ကိစ္စရဲ့ နောက်ဆက်တွဲ မီးဖိုချောင် အကျပ်အတည်းကစ လေယာဉ်နဲ့ ပြည်သူ့အိုးအိမ် ဗုံးကြဲတာတွေအထိ ပြဿနာအားလုံးဟာ နိုင်ငံရေးဖြစ်ပါတယ်။ ၄ နှစ်လုံးလုံး ကြုံတွေ့ထားရတဲ့ ပြဿနာ အားလုံးရဲ့ အချုပ်ဟာ မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေ အာဏာသိမ်းတာကနေ မြစ်ဖျားခံခဲ့တာပါ။ တရားခံ စစ်အာဏာရှင်တွေကို ရှင်းလင်းရေးသာ ပြည်သူလူထု အားလုံးရဲ့ တာဝန်ပါ။ ရသလို ကြုံသလို ကျွမ်းကျင်သမျှ တတ်စွမ်းသမျှ စစ်အာဏာရှင်တွေကို အဆုံးသတ်တိုက်ပွဲဝင်ကြပြီး နိုင်ငံသစ်ကို တည်ထောင်ကြပါစို့။ ပြည်သူသည်သာ အောင်နိုင်ရာသည် မဟာအင်အား အကြီးမားဆုံး။ ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024