DVB Logo
Home
မြန်မာသတင်း
စားအုန်းဆီ လက်ကားရည်ညွှန်းဈေး အနည်းငယ် ထပ်မံကျဆင်း
DVB
·
May 19, 2025
စားအုန်းဆီ လက်ကားရည်ညွှန်းဈေး အနည်းငယ် ထပ်မံကျဆင်း
Donate to DVB

စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီအနေနဲ့ မေ ၁၉ ကနေ မေ ၂၅ ရက်နေ့အထိ စားအုန်းဆီတပိဿာ ရည်ညွှန်းဈေးကို ငွေကျပ် ၆၅၂၅ ကျပ် သတ်မှတ်ခဲ့ပြီး အရင်တပတ်ထက် ၉၅ ကျပ် ထပ်မံ ကျဆင်းလာပါတယ်။

ကော်မတီရဲ့ အဆိုအရ စားအုန်းဆီဈေးကို ဝယ်ယူတင်သွင်းတဲ့ နိုင်ငံတွေရဲ့ ဈေးနှုန်း အတက်အကျအပေါ် မူတည်ပြီး ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းကို အပတ်စဉ် သတ်မှတ်ပေးနေတာဖြစ်ပြီး ပြီးခဲ့တဲ့ သတင်းပတ်ကတော့ တပိဿာကို ၆၆၂၀ ကျပ် သတ်မှတ်ခဲ့ပါတယ်။

အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတို့က‌နေ မြန်မာနိုင်ငံကို CIF စနစ်အရ တင်သွင်းနေတဲ့ စားအုန်းဆီ တတန်ဈေးနှုန်းက ၂၀၂၅ ခု ဇန်နဝါရီလက စပြီး ဆက်တိုက်ကျဆင်းလာခဲ့တာကြောင့် ပြည်တွင်း တပိဿာ လက်ကားရည်ညွှန်းဈေးနှုန်းလည်း အဆိုပါ ၄ လတာကာလအတွင်းမှာ ၇၅၅ ကျပ်အထိ ကျဆင်းလာတာလို့ ကော်မတီက ဆိုပါတယ်။

ကော်မတီက ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ အခုနှစ် နှစ်ဆန်းပိုင်းမှာ စားအုန်းဆီ တပိဿာကို ၇၂၈၀ ကျပ် ဝန်းကျင်ရှိခဲ့ရာက မေလ တတိယပတ်မှာ ၆၅၂၅ ကျပ်အထိ ရောက်ရှိခဲ့ပါတယ်။

စားအုန်းဆီကို ရည်ညွှန်းဈေးအပေါ် သယ်ယူပို့ဆောင်စရိတ်နဲ့ အမြတ် ၂ ရာခိုင်နှုန်းသာတင်ပြီး ရောင်းချဖို့နဲ့ တခြားဆီတွေနဲ့ ရောနှောရောင်းချတာတွေ မလုပ်ဖို့ စစ်ကောင်စီ စားသုံးသူရေးရာဦးစီးဌာနက သတိပေး ထုတ်ပြန်ထားတာပါ။

‌‌‌‌‌‌‌‌‌‌‌‌‌ဒါ့အပြင် ဈေးကစားဖို့ ရည်ရွယ်ပြီး သိုလှောင်တာနဲ့ မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအရ အရေးယူသွားမယ်လို့လည်း သတိပေးထားပါတယ်။

အဲဒီလို သတိပေးဆောင်ရွက်နေပေမဲ့ ပြင်ပဈေးကွက်မှာတော့ စားအုန်းဆီ‌ လက်လီဈေးဟာ ရည်ညွှန်းဈေးရဲ့ ၂ ဆနီးပါး ရှိနေပြီး ဈေးမြင့်တက်နေဆဲဖြစ်ကာ ဝယ်ယူရခက်ခဲနေတယ်လို့ စားသုံးသူတွေက ပြောပါတယ်။

ရန်ကုန်မြို့နေ အိမ်ရှင်မတယောက်က “ရည်ညွှန်းဈေးကသာ ဆက်တိုက်ကျနေတာ။ အပြင်မှာ ဝယ်ရင် ၁၀,၀၀၀၊ ၁၂,၀၀၀ ပေးရတယ်။ ဒါတောင် ရောင်းတဲ့သူရှိမှ ဝယ်ရတာ။ တခြားဆီတွေထက် စာရင် ဈေးက သက်သာနေသေးတော့ ဆီစာအုပ်သမားတွေဆီကတဆင့် ပြန်ဝယ်သုံးနေရဝာာပဲ” လို့ ပြောပါတယ်။

တနှစ်ကို မြန်မာနိုင်ငံရဲ့ ဆီလိုအပ်ချက်က တန်ချိန် ၈ သိန်းကနေ ၉ သိန်းခန့်ထိ ရှိပြီး အဆိုပါလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့အတွက် ၂၀၂၀ ပြည့်နှစ်မတိုင်မီက တနှစ်ကို စားအုန်းဆီတန်ချိန် ၈ သိန်းကျော် တင်သွင်းခဲ့ပြီး နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာ သန်း ၆၀၀ ကျော်အထိ ကုန်ကျခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ စစ်ကောင်စီ လက်ထက်မှာတော့ ဆီတင်သွင်းမှုကို အကန့်အသတ်နဲ့သာ ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013