
ငလျင်ဒဏ်သင့် နေပြည်တော်၊ တပ်ကုန်းမြို့နယ်မှာ မနေ့ မေ ၁၈ ရက် ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်ကာ လူအယောက် ၄၀၀ ကျော် ရေဘေးလွတ်ရာကို ပြောင်းရွှေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
တပ်ကုန်းမြို့နယ်ထဲက မကျီးပင်ကျေးရွာနဲ့ ဥသျှစ်ကုန်းကျေးရွာတွေမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေတွေ ကျဆင်းလာတာနဲ့ နဝင်းချောင်းရေ မြင့်တက်လာတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတာလို့ ဆိုပါတယ်။
တပ်ကုန်းမြို့နယ် ဒေသခံတယောက်က “ရေစတက်တက်လာချင်းမှာ ၃ ပေ ၄ ပေလောက်ကို တက်ဖြစ်ခဲ့တာ။ ဒီနေ့တော့ နည်းနည်းပြန်ကျသွားပြီး အဓိကတော့ မိုးများတာနဲ့ တောင်ကျရေကြောင့် နဝင်းချောင်းက ရေလျှံပြီး အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ရေဝင်တာ။ ရွှေ့ပြောင်းရတဲ့အထိ ဖြစ်ခဲ့တာပေါ့” လို့ ပြောပါတယ်။
လက်ရှိ ရေကြီးရေလျှံတာတွေ ဖြစ်နေတဲ့ ကျေးရွာ ၂ ရွာက ဒေသခံ ၄၀၀ ခန့်ဟာ ရေဘေးလွတ်တဲ့ တပ်ကုန်းမြို့ ရေတွင်းဖြူ ဘုန်းတော်ကြီးကျောင်းမှာ ယာယီပြောင်းရွှေ့နေထိုင်နေတယ်လို့ ဆိုပါတယ်။
တပ်ကုန်းဒေသခံတယောက်က “မိုးဆက်မရွာရင်တော့ ကိစ္စမရှိပါဘူး။ မိုးဆက်ရွာလာရင်တော့ အခုလို ရှောင်နေတာက အကောင်းဆုံးပေါ့။ တောင်ကျရေက အရှိန်နဲ့ ဆင်းလာလို့လေ။ ဒီနေ့လယ်ပိုင်းတော့ မိုးတွေအုံ့နေတယ်” လို့ ပြောပါတယ်။
အဲဒီ ရေတွင်းဖြူ ဘုန်းတော်ကြီးကျောင်းကို ယာယီရေဘေးရှောင်ဖို့ ရောက်နေတဲ့ ရေဘေးသင့်သူတွေကို ကရုဏာရှင် လူမှုကူညီရေးပရဟိတအသင်းနဲ့ တာဝန်ရှိသူတွေက အစားအသောက်တွေ လှူဒါန်ပေးထားတယ်လို့ သိရပါတယ်။
မေ ၂၀ ရက်အထိ ငလျင်ဒဏ်သင့် နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းနဲ့ ပြည်နယ်နဲ့ တိုင်း အများစုမှာ မုတ်သုံလေ ဝင်ရောက်လာတဲ့အရှိန်နဲ့ အပူပျံတက်တိမ်တွေ ဖြစ်ထွန်းမှု အားကောင်းတဲ့အရှိန်ကြောင့် မိုးကြီးမယ်လို့ စစ်ကောင်စီလက်အောက်ခံ မိုးဇလက မေ ၁၈ ရက် ညနေ ၅ နာရီမှာ သတိပေးချက် ထုတ်ပြန်ထားပါတယ်။
Photo: KL