
ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဟာ မြို့ပြစစ်ဆင်ရေးတွေ အကောင်းဆုံး ဆင်နွှဲနိုင်ဖို့အတွက် မအူပင်မြို့ Delta Phoenix Column အမှတ် ၁ တော်လှန်ရေးတပ်ရင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်
စစ်ကောင်စီအာဏာသိမ်းပြီး ၄ နှစ်ကြာကာလအထိ မြို့ပေါ်စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို စစ်ဆင်ရေးပြုလုပ်ခဲ့ပြီး မြို့ပြစစ်ဆင်ရေးဆင်နွှဲနိုင်ဖို့ ပူးပေါင်းဆောင်ရွက်တာလို့ ဆိုပါတယ်
တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ ဗိုလ်တွံတေးက “ကျနော်တို့ တွံတေး ပကဖ အနေနဲ့ စစ်ကောင်စီကိုတွန်းလှန်ခဲ့တဲ့ကာလက ၄ နှစ်ကျော်ခဲ့ပြီ။ ကဏ္ဍပေါင်းစုံ အဖွဲ့စည်းအမျိုးမျိုး နာမည်တွေနဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ပြီးပြီ။ တွံတေးမြိုနယ်အတွင်းမှာ တော်လှန်ရေးပုံစံ အမျိုးမျိုးကို လုပ်ဆောင်ခဲ့ပြီးပြီ။ ခုအချိန်မှာတော့ မြို့ပြစစ်ဆင်ရေးတွေ ယူဂျီအလုပ်တွေ လုပ်ခြင်းထက် တကယ်တမ်း ပိုပြီးလက်တွေ့ကျတဲ့ စစ်ဆင်ရေးတွေဖြစ်တဲ့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ ရန်ကုန်တတိုင်းလုံးကို သူမတူတဲ့စစ်ဆင်ရေး နယ်မြေတခုကိုသွားနိုင်ဖို့အတွက် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ် Dalta Phoenix Column အမှတ် ၁ တော်လှန်ရေးတပ်ရင်းနဲ့ ပူးပေါင်းခဲ့တာ” လို့ ပြောပါတယ်။
တွံတေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အနေနဲ့ ၄ နှစ်ကျော်ကြာတဲ့အထိ တွံတေး၊ ကော့မှူး၊ ခရမ်း၊ သုံးခွ၊ ဒလမြို့နယ်တို့မှာ စစ်ကောင်စီထောက်တိုင်တွေနဲ့ စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ရေးဖော်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
Photo : တွံတေးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့