DVB Logo
Home
မြန်မာသတင်း
MBT အဖွဲ့ မြို့ပြစစ်ဆင်ရေး စတင်တော့မည်၊ မြိုင်တွင် စစ်သား ၄ ဦး ဖမ်းဆီးခံရ
DVB
·
January 13, 2025
MBT အဖွဲ့ မြို့ပြစစ်ဆင်ရေး စတင်တော့မည်၊ မြိုင်တွင် စစ်သား ၄ ဦး ဖမ်းဆီးခံရ
1 / 2
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်မှာ ဆက်ကြေးကောက်နေကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဇန်နဝါရီ ၁၂ ရက် မနက် ၆ နာရီဝန်းကျင်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း (Myingyan Black Tiger – MBT) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“ဝမ်းတွင်းမြို့မရဲစခန်းက ရဲ ၅ ယောက်က ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်က လိန်ပင်ရွာနားမှာ ခရီးသွားကားတွေဆီကနေ ဆက်ကြေးကောက်နေတာကို ကျနော်တို့ရဲဘော်တွေက အဝေးထိန်းမိုင်းနဲ့ မိုင်းခွဲ တိုက်ခိုက်ခဲ့တာပါ။ အခု တိုက်ခိုက်မှုက ကျနော်တို့ဘက်က စစ်ဆင်ရေးအရှိန်တွေ တိုးမြှင့်တော့မယ်ဆိုတာ သတိပေးတဲ့ တိုက်ခိုက်မှုဖြစ်လို့ ပြည်သူတွေဘက်ကလည်း သူတို့နဲ့ နီးကပ်တဲ့နေရာတွေမှာ နေထိုင်သွားလာတာတွေ မလုပ်ကြဖို့နဲ့ ပျော်ပွဲရွှင်ပွဲတွေကို ရှောင်ရှားကြဖို့ အထူးအထူးမေတ္တာရပ်ခံချင်ပါတယ်ဗျ” လို့ ပြောပါတယ်။

မိုင်းခွဲတိုက်ခိုက်ခံရတဲ့ စစ်ကောင်စီလက်အောက်ခံတွေဟာ မိုင်းခွဲတိုက်ခိုက်ခံရပြီး ပတ်ဝန်းကျင်ကို သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်တာတွေ ပြုလုပ်ခဲ့တဲ့အတွက် MBT ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရသလို အဆိုပါပစ်ခတ်မှုကြောင့်လည်း တော်လှန်ရေးရဲဘော်တွေနဲ့ ဒေသခံပြည်သူတွေ ထိခိုက်ဒဏ်ရာရရှိသူမရှိဘူးလို့ ဆိုပါတယ်။

ဝမ်းတွင်းမြို့ခံတဦးက “သူတို့ဘက်က တိုက်ခိုက်ခံရတဲ့သတင်းကို ဖုံးထားတယ်။ လူသိမခံဘူး။ ရဲတချို့ ထိခိုက်ဒဏ်ရာရတယ်လို့တော့ ကြားနေတယ်ဗျ။ အရေအတွက်တော့ မသိဘူးပေါ့နော်။ ရှက်ရမ်းရမ်းပြီး အခုညဦးပိုင်း မြို့ပေါ်မှာ ကင်းပတ်တာတွေတော့ ပိုလုပ်လာနေတယ်” လို့ ပြောပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်း (Myingyan Black Tiger - MBT) က ပြုလုပ်ခဲ့ကြတာဖြစ်ပြီး တိုက်ခိုက်ခံရတာနဲ့ပါတ်သက်တဲ့ အသေးစိတ်သိနိုင်ဖို့ ဝမ်းတွင်းမြို့မရဲစခန်းကို DVB က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာမရှိပါဘူး။

မြင်းခြံခရိုင် အမှတ် ၉ တပ်ရင်း (Myingyan Black Tiger - MBT) ဟာ မြို့ပြစစ်ဆင်ရေးတွေ လုပ်ဆောင်တော့မှာဖြစ်လို့ တော်လှန်ရေးရဲဘော်အသစ်တွေ ခေါ်ယူနေတယ်လို့ MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲ က ပြောပါတယ်။

“ပထမဆုံးအချက်ကတော့ တော်လှန်ရေးကို စိတ်ပါဝင်စားပြီး တော်လှန်ရေးပြီးဆုံးတဲ့အချိန်အထိ ကျနော်တို့ MBT တပ်ဖွဲ့နဲ့အတူ တိုက်ပွဲဝင်နိုင်ရပါမယ်။ ပြီးတော့ ရဲဘော်အသစ်တွေအနေနဲ့က အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း ကျန်းမာသန်စွမ်းတဲ့ အမျိုးသားဖြစ်ရမယ်။ တပ်စည်းကမ်းတွေကိုလည်း လိုက်နာပြီး တပ်ဖွဲ့ကနေ ပေးအပ်တဲ့ တာဝန်တွေကို ကျေပွန်စွာထမ်းဆောင်နိုင်သူတွေဖြစ်ရမယ်။ ကျနော် တခု မေးချင်တာက လူငယ်တွေအနေနဲ့ စစ်အုပ်စုပေါ်တာဆွဲတာခံပြီးတော့ ပြည်သူဘက်ကို ပြောင်းဝပြန်လှည့်တဲ့ စစ်တပ်ဘက်ကို ရွေးမလား၊ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေတဲ့ ကျနော်တို့နဲ့ လက်တွဲမလား ဆိုတာပေါ့နော်။ ကျနော်တို့နဲ့ လက်တွဲမယ့် လူငယ်တွေကိုတော့ အမြဲကြိုဆိုနေပါတယ်။ မြို့သိမ်းတာထက် သိမ်းလိုက်တဲ့မြို့ကို ထိန်းဖို့ခက်လို့ တပ်သားသစ်တွေ ခေါ်ယူနေ​တာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။

MBT တပ်ဖွဲ့နဲ့အတူ စစ်အာဏာရှင်တော်လှန်ရေးမှာ လက်နက်ကိုင်တိုက်ပွဲဝင်လိုသူတွေအနေနဲ့လည်း အခြေခံစစ်သင်တန်းပြီးဆုံးချိန်မှာ ဒရုန်းစစ်ဆင်ရေး၊ မြေပြင်ထောက်ပို့နဲ့ လက်နက်ခဲယမ်းထုတ်လုပ်ရေးတာဝန်တွေကို စိတ်ပါဝင်စားသလို ရွေးချယ်နိုင်တယ်လို့လည်း ဆို​ပါတယ်။

မြို့ပြစစ်ဆင်ရေးတွေ စတင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့လည်း စားနပ်ရိက္ခာ၊ ဆေးဝါးတွေကို အတတ်နိုင်ဆုံး စုဆောင်းထားကြဖို့လည်း တိုက်တွန်းထားသလို မြင်းခြံမြို့သိမ်းတိုက်ပွဲ မဆင်နွှဲခင်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးတွေ ပြည်သူ့ဘက်ကို အချိန်မီ ကူးပြောင်းကြဖို့ မြင်းခြံ PDF တာဝန်ရှိသူက တိုက်တွန်းထားပါသေးတယ်။

အခုလက်ရှိအချိန်မှာ မြင်ခြံခရိုင်ထဲက ဒေသအများစုကို PDF တွေက ထိန်းချုပ်ထားပြီး အပြီးသတ်အနေနဲ့ မြို့ကိုသိမ်းယူဖို့ပဲ ကျန်တော့တယ်လို့လည်း MBT တပ်ဖွဲ့ဆီကနေ သိရပါတယ်။

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ယောက်ကို ဇန်နဝါရီ ၁၁ ရက် မနက် ၈ နာရီခွဲဝန်းကျင်မှာ အရှင်ဖမ်းမိခဲ့တယ်လို့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း (ကျားသစ်နက် တပ်မတော်) ဆီကနေ သိရပါတယ်။

ကျားသစ်နက်တပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံက “သူတို့ ၄ ယောက်လုံးက စစ်ခွေးတွေက အတင်းပေါ်တာဆွဲပြီး စစ်သင်တန်းတက်ခိုင်းလို့ မနေ့တနေ့ကမှ စစ်သားဖြစ်လာသူတွေပါ။ မြိုင်ကို ရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းမှာ ပါလာသူတွေ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေ ပါဝင်တဲ့ စစ်ကြောင်းဟာ ဇန်နဝါရီ ၉ ရက်မှာ မြိုင်မြို့ကို ရောက်ရှိလာပြီး တော်လှန်ရေးတပ်ပေါင်းစုတွေက စစ်ကောင်စီစစ်ကြောင်းရဲ့ အခြေအနေကို ကင်းပုန်းဝပ်ပြီးစောင့်ကြည့်ချိန်မှာ ဖမ်းမိခဲ့ကြတာလို့ ဆိုပါတယ်။

ကျားသစ်နက်တပ်မတော်ရဲ့တာဝန်ခံ ဗိုလ်ဥက္ကာက “မြိုင်ကို ဝင်လာတဲ့ ရေစကြို ခလရ ၂၅၉ စစ်ကြောင်းထဲမှာ ပါလာတာပါ။ မြိုင်ကိုရောက်တော့ သူတို့ ၄ ယောက်က စျေးဝယ်ဖို့ဆိုပြီး ထွက်လာတဲ့အချိန်မှာ ကျနော်တို့ ကင်းပုန်းအဖွဲ့နဲ့တွေ့ပြီး အနီးကပ် ဖမ်းဆီးရမိခဲ့တာပါ။ သူတို့မှာ သေနတ်တွေ ပါမလာတဲ့အတွက်လည်း ပစ်ခတ်မှု မဖြစ်ခဲ့ပါဘူး။ ကနဦး စစ်ဆေးချက်တွေအရကတော့ စစ်တပ်ထဲမှာ မနေချင်လို့ ထွက်ပြေးလာကြတာ။ မေးမြန်းကြည့်တဲ့အခါမှာလည်း စစ်ကောင်စီကို ပြန်တိုက်မယ်လို့လည်း ပြောတယ်ဗျ။ သူတို့တွေရဲ့ နေရပ်ဒေသတွေကတော့ မတူကြဘူး။ နေပြည်တော်နဲ့ ဧရာဝတီတိုင်းတွေထဲကလည်း ပါတယ်။ အခုတော့ သူတို့တွေကို လုံခြုံတဲ့နေရာမှာ အဆင်ပြေအောင် ထားပေးထားပါတယ်” လို့ DVB ကို ပြောပါတယ်။

သူတို့ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ သြဂုတ်လထဲမှာ စစ်တပ်ရဲ့ ပေါ်တာဆွဲဖမ်းဆီးခံရကာ စစ်သင်တန်း ၃ လ တက်ရောက်ခဲ့ကြရပြီး ရေစကြိုအခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ ၂၅၉ တပ်ကို ပို့ဆောင်ခံကြရတာလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်က စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိခဲ့တဲ့ မြိုင်မြို့နယ်ထဲက သရက်ကွပျူစောထီးကျေးရွာ တိုက်ပွဲအတွင်းကနေ ထွက်ပြေးသွားကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထဲမှာ သူတို့ ၄ ယောက် ပါဝင်ကြတယ်လို့လည်း ဆိုပါတယ်။

အခု ဖမ်းဆီးမှုကိုတော့ ပခုက္ကူခရိုင် အမှတ် ၁၅ တပ်ရင်း (ကျားသစ်နက်တပ်မတော်) နဲ့အတူ လင်းမြွေအဖွဲ့၊ ဆင်ရိုင်းအဖွဲ့နဲ့ နဂါးနီအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာလို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013