မန္တလေး၊ မဟာအောင်မြေမြို့နယ်မှာ မနေ့ညက သစ်ပင်လဲကျလို့ ငလျင်ကယ်ဆယ်ရေးစခန်း တဲတခု ပိမိပြီး သားအဖနှစ်ယောက် သေဆုံးခဲ့ပါတယ်။
ည ၁၂ နာရီကျော်အချိန်က စိန်ပန်းရပ်ကွက်၊ ၄၁ လမ်းနဲ့ ၈၉ လမ်းထောင့်၊ အဘယာရာမရွှေကူကျောင်းတိုက်ထဲက ငလျင်ဘေးသင့်ကယ်ဆယ်ရေးစခန်းမှာ လုံးပတ် ၅ ပေလောက်၊ အရှည် ပေ ၄၀ လောက်ရှိတဲ့ ကုက္ကိုလ်ပင်ဟာ မိုးရွာသွန်းတာကြောင့် အမြစ်ခြေကနေ လန်ပြီးလဲကျခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့က ဆိုပါတယ်။
မေ ၁၇ ရက်ည ၁၀ နာရီခွဲလောက်က အင်အား ရစ်ချ်တာစကေး ၅ ကျော်တဲ့ ငလျင်တခု အချိန်တော်တော်ကြာ လှုပ်ခတ်ခဲ့လို့ မန္တလေး အပါအဝင် မြို့တော်တော်များများက သိရှိခံစားခဲ့ကြရပြီး အဲဒီငလျင်လှုပ်ပြီးတဲ့နောက်မှာ သစ်ပင်လဲကျခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီအပင်ဟာ ယာယီမိုးကာတဲပေါ်ကို ပိမိခဲ့တာကြောင့် မီးသတ်နဲ့ လူမှုကူညီရေးအသင်းတွေက ရှာဖွေကယ်ဆယ်ခဲ့ကြပြီး အသက် ၄ နှစ်ဝန်းကျင် မိန်းကလေးကလေးတယောက်နဲ့ သူ့အဖေတို့ရဲ့ ရုပ်အလောင်းကို ရှာဖွေထုတ်ယူပြီး မန္တလေးပြည်သူ့ဆေးရုံကြီးဆီကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။