
စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း ရန်ကုန်နဲ့ မန္တလေးတို့လို မြို့ကြီးတွေမှာ ခိုးမှု၊ လုယက်မှု၊ ဓားပြမှုနဲ့ လူသတ်မှုတွေလိုမျိုး ရာဇဝတ်မှုတွေ များပြားလာခဲ့ပြီး ၂၀၂၅ ခုနှစ်ထဲမှာတော့ ပိုဆိုးတဲ့ အခြေအနေတွေကို ကြုံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းထားတဲ့ ၄ နှစ်တာ ကာလအတွင်း ခိုးမှုနဲ့ လုယက်မှုတွေကို ကြုံနေရတာက ပုံမှန်လိုတောင် ဖြစ်နေပြီလို့ ဒေသခံတွေက ဆိုကြပါတယ်။
သိပ်မကြာသေးခင်က ညီမဖြစ်သူ ဖုန်းအလုခံခဲ့ရတဲ့ မြောက်ဒဂုံမြို့နယ်နေ မယုက “အဲ့ဖုန်းလေး ဝယ်ထားတာ ဘယ်လောက်မှ မကြာသေးဘူးဆိုတာ အဲ့ဖုန်းလေးရဲ့ ရှေ့က ဖုန်းကလည်း ခါးပိုက်နှိုက်ခံထိတာ။ တော်သေးတယ် အဲ့ဒီနေ့က ရုံးပိုက်ဆံတွေကိုလည်း သူက ရုံးမှာ ထားခဲ့မိလို့။ ပုံမှန်ဆိုရင် ရုံးပိုက်ဆံ လေးငါးဆယ်သိန်းလောက်က အိတ်ထဲမှာ ပါတာတဲ့။ အဲဒါ ထားခဲ့မိလို့ ပိုက်ဆံလေး နည်းနည်းပါးပါးနဲ့ ဖုန်းပဲ ပါသွားတာ။ ဖုန်းပဲ ပါသွားတော့ ဖုန်းအသစ်ကလေး ဝယ်လိုက်တော့လည်း အလုခံရတယ်တဲ့။ အဲ့ဒါ အလုခံရတော့ ဘယ်နားမှာလဲဆိုတော့ ဓမ္မာရုံနားမှာ လုတာတဲ့။ ပါသွားပြီဆိုမှတော့ သဗ္ဗေသက္ကာ ကမ္မသကာလို့သာ သတ်မှတ်လိုက်တော့။ သူတို့ဟာနဲ့တောင် သူတို့ အလုပ်ရှုပ်နေတာ၊ ကိုယ့်ကိစ္စ ဘာမှ မလုပ်ပေးနိုင်ဘူး” လို့ ပြောပါတယ်။
မေလ ၁၅ ရက်နေ့တုန်းကတော့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာ ကားတစီး ခိုးယူခံလိုက်ရပါတယ်။ အရင်ကဆို ကားဘက်ထရီခိုးတာမျိုးလောက်ပဲ ရှိပေမဲ့ အခုတော့ ကားအစီးလိုက်ကို ခိုးတာတွေ လုပ်လာကြပြီလို့ တက္ကဆီမောင်းနှင်သူ တယောက်က ပြောပါတယ်။
“ည ဘက်ကြီးပေါ့ ဖုန်းဝင်လာတယ်၊ ကားပျောက်သွားလို့ လမ်းထဲမှာ ပွက်လောရိုက်နေကြတယ်တဲ့။ ဦးရဲ့ တက္ကဆီကလည်း ညဘက် သိမ်းပြီဆိုတော့ လမ်းထဲမှာ ရပ်ထားတာလေ၊ လန့်သွားတာပေါ့။ အဲ့ဒါနဲ့ အောက်ကို ဆင်းကြည့်ရရော၊ ဆင်းကြည့်တော့ ဦးကားတော့ မဟုတ်ဘူး၊ အသိတယောက်ရဲ့ကား ပါသွားတာ။ ကားရပ်ထားပြီး အိမ်ပေါ်ခဏတက်တုန်း ပါသွားတာတဲ့၊ တကယ်ကို စိတ်မကောင်းပါဘူး၊ အရင်တုန်းက ကားရဲ့ back မှန် ဖြုတ်ခိုးတာတို့၊ ဘက်ထရီခိုးတာတို့ပဲ ဖြစ်တာ၊ အခုတော့ ကားအစီးလိုက်ကြီးကို ခိုးကုန်ကြပြီ။ တော်တော်ဆိုးပါတယ်။ လူတွေလည်း အိပ်ကောင်းခြင်း မအိပ်ရ၊ စားကောင်းခြင်း မစားရနဲ့ ခိုးတာတွေ၊ လုတာတွေကို တော်တော်ကို ဆိုးလာပါတယ်။”
ရန်ကုန်မြို့မှာတော့ အခုလို ခိုးမှု၊ လုယက်မှုတွေအပြင် မေ ၁၂ ရက်နေ့က ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်မှာ အမျိုးသမီးငယ်တယောက်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်ပြီး ရွှေလက်စွပ်နဲ့ဖုန်းယူကာ သတ်ဖြတ်ပြီး အလောင်းဖျောက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။
မန္တလေးမြို့မှာဆိုရင်လည်း မတ် ၂၈ ရက်နေ့က အင်အားပြင်း ငလျင်ကြီး လှုပ်ခတ်ပြီးတဲ့နောက် ဒေသခံတွေဟာ ငလျင်ဒဏ်ကြောင့် ထိခိုက်ခံစားရတာတွေအပြင် ခိုးမှု လုယက်မှုနဲ့ ဓားပြမှုတွေကို ထပ်ပေါင်းပြီး ခံစားနေကြရပါတယ်။
မန္တလေးဒေသခံတယောက်က “ပစ္စည်းရှိတဲ့ တိုက်တခု ဖြိုပြီဆိုရင် လုံခြုံရေး ကောင်းကောင်း မပေးနိုင်ဘူး၊ အဲ့ဒီတိုက်ပိုင်ရှင်က ပစ္စည်းတွေ တော်ရုံ ပြန်မရတာ များတယ်။ ဘာလို့တုန်းဆိုတော့ အဲ့လိုမျိုး ပျံကျရပ်ကွက်က ဆိုက်တွဲတွေတို့ ဘယ်ကလူတွေမှန်း မသိဘူး အမရယ်၊ အများကြီး ရောက်လာပြီး စောင့်နေတာပေါ့။ နောက်တချို့ အိမ်တွေဖြိုထားတဲ့၊ ကုမ္ပဏီတွေက ဖြိုထားတဲ့ မြေစာပုံတွေဆိုရင် ပြင်ဦးလွင် လမ်းအထွက်ပေါ့နော် လမ်း ၃၀၊ ၃၅ ကြား အဲ့ဘက်တွေမှာ ကွင်းကြီးလုပ်ပြီးတော့ သွားပုံတာပေါ့နော်၊ သွားပုံတော့ ကျနော်တို့ အဲ့ဒီထဲမှာ ပစ္စည်းတွေတွေ့ရင် ပိုင်ရှင်ကို ပြန်အပ်တာမျိုး လုပ်တဲ့ဟာမှာဆိုရင်လည်း လုံခြုံရေး မနိုင်ဘူး။ မပြောရဲတော့တဲ့ အခြေအနေမျိုးပေါ့နော်၊ လူအင်အား အရမ်းများတယ်။ နောက်တခုက Sky villa မှာဆိုရင် လွန်ခဲ့တဲ့ တပတ်ကျော်လောက်က မြေစာပုံ သွားပုံတဲ့အထဲမှာဆိုရင် သိန်း ၃၀၀ တန် ဘယက်တခုကို အဲ့ဒီ မြေစာပုံ ရှာသွားတဲ့လူတွေထဲက တယောက် ရသွားတယ်လို့လည်း ပြန်သိရတာ ရှိတယ်။”
မန္တလေးတိုင်း၊ တံတားဦး၊ အမရပူရ၊ ချမ်းမြသာစည်၊ မဟာအောင်မြေနဲ့ ကျောက်ဆည်မြို့တွေမှာ ပြောက်ကျားဝတ်စုံတွေ ဝတ်ဆင်ပြီး လုံခြုံရေးတပ်ဖွဲ့တွေအဖြစ် အယောင်ဆောင်ပြီး ရွှေဆိုင်ဓားပြတိုက်မှု ၅ ကြိမ်၊ လုယက်မှု ၅ ကြိမ် ကျူးလွန်ခဲ့တဲ့ နေထက်လင်း ဦးဆောင်တဲ့ ၁၇ ယောက်ဂိုဏ်းကို ဖမ်းမိခဲ့ပေမဲ့ တိုက်ရာပါရွှေနဲ့ ငွေတွေ မရဘူးလို့ စစ်ကောင်စီက မေလ ၁၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။
ဒီလို ခပ်ဆင်ဆင် ဖြစ်ရပ်တွေက မန္တလေးမြို့မှာ ဖြစ်ပွားနေပြီး လွန်ခဲ့တဲ့ တပတ်လောက်က Sky Villa မှာ မန္တလေးမြို့က မဟုတ်ဘဲ အခြားမြို့က လူတယောက်က မီးသတ်အယောင်ဆောင်ပြီး ပစ္စည်းယူခဲ့တဲ့ အမှုတခု ရှိခဲ့တယ်လို့လည်း သိရပါတယ်။
မြတ်သဇင်