
မန္တလေးတိုင်း မြင်းခြံမှာ ခရိုင်အဆင့်စစ်ဆင်ရေးအဖြစ် ဒေသကာကွယ်ရေးအဖွဲ့တွေက စစ်ကောင်စီအထိုင်စခန်းတွေကို မေလ ၁၅ ရက်နေ့မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ၂ ဖက် ထိခိုက်ကျဆုံးမှု များခဲ့ပါတယ်။
စစ်ကောင်စီက လေကြောင်းကနေ ပြန်လည်တိုက်ခိုက်တာကြောင့် မြင်းခြံခရိုင်တပ်ရင်း-၇ ဇီးရိုးပြောက်ကျားတပ်ဖွဲ့တခုတည်းမှာတင် ရဲဘော် ၆ ယောက်ကျဆုံးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီဘက်ကလည်း အထိအခိုက်များခဲ့ပေမဲ့ အခြေအနေအသေးစိတ်ကို DVB က သီးခြားအတည်မပြုနိုင်သေးပါဘူး။
မတ္တရာ PDF တာဝန်ရှိသူ ဦးတိုးက “မြင်းခြံမှာကြတော့ လယ်သစ်-ကျောက်ပြုတ်မှာ ကိုယ့်ဘက်က အထိနာတယ်၊ Head-shot တွေ မိသွားတယ် ကိုယ့်ဘက်က၊ စနိုက်ဘာကောင်းလောက်တယ် သူတို့ဘက်က။ စမြိတ်ခုံမှာက ကိုသက်ကြီးက အတော်အထိနာသွားတယ်လေ၊ မြင်းခြံထဲမှာ ၂ နေရာပေါ့၊ အဓိကကတော့ မြင်းခြံခရိုင်အတွင်းပဲ၊ ခရိုင်စစ်ဆင်ရေးပေါ့။ ရှိပြီးသားသတင်းအချက်အလက်တွေနဲ့ စစ်ကောင်စီအထိုင်တွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်တာပဲ။ ကိုယ့်ဘက်က တိုက်ခိုက်တာ၊ အညာအောင်မြေစစ်ဆင်ရေးရဲ့ တစိတ်တပိုင်းအနေနဲ့ စစ်ရေးဖော်ဆောင်မှုလုပ်တာလို့ပဲ ကျနော်ကတော့ သုံးသပ်ချင်တယ်။ မန္တလေးတိုင်း ခရိုင်တခုရဲ့ စစ်ဆင်ရေးပေါ့၊ လေယာဉ်အလွန်အကျွံသုံးသွားတယ်ဆိုတဲ့ဟာလည်း အားလုံးသိပြီးသားပဲဖြစ်တယ်။ စစ်ကောင်စီက အထိနာလို့မို့လို့ သူ့ရဲ့အားသာချက်ဖြစ်တဲ့ လေကြောင်းကို အားပြုပြီးတော့ ပြန်လည်ခုခံတယ်။ ကျန်တဲ့ခရိုင်တွေမှာလည်း ရှိလာဖို့ အလားအလာတွေရှိတယ်။ ပြင်ဦးလွင်ခရိုင်ဆိုတာကတော့ ရှိပြီးသားပဲ၊ တောက်လျှောက် ဖြစ်နေတာလေ။ စစ်ကောင်စီကလည်း အလူးအလဲခုခံရတယ်၊ မြေပြင်မှာကတော့ သိမ်းပိုက်နိုင်တာတွေ ရှိလိမ့်မယ်၊ သူတို့သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့တွေက ထုတ်ပြန်လိမ့်မယ်” လို့ ပြောပါတယ်။
မြင်းခြံ၊ တောင်သာ၊ နွားထိုးကြီး၊ စမြိတ်ခုံ(ဆီမီးခုံ) နယ်တွေက စစ်ကောင်စီအထိုင်စခန်းတွေကို တော်လှန်ရေးအစုအဖွဲ့တွေက ထိုးစစ်ဆင်ခဲ့ပြီး မြင်းခြံမြို့အနီး ၂ မိုင်ဝန်းကျင်အကွာအထိ ထိတွေ့မှုတွေရှိခဲ့တယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ စီမံချက်တွေအတိုင်း ခရိုင်အဆင့် ထိုးစစ်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေက ဖော်ဆောင်နေတာဖြစ်ပြီး မြင်းခြံမြို့ကို သိမ်းယူနိုင်ဖို့အထိ ဦးတည်နေတာဖြစ်ပါတယ်။
မြင်းခြံဒေသခံတယောက်က “ကုက္ကဲတို့၊ မြို့သာတို့ဘက်တွေပါ အကုန်ဖြစ်တယ် တိုက်ပွဲတွေက၊ အဲဒီဘက်တွေကလည်း လက်နက်ကြီးသံတွေကြားနေရတယ်။ အကုန်လုံး ပတ်ခြာလည်ဖြစ်နေတာ။ မနေ့က ငါန်းဇွန်ဖြစ်တယ်။ စမြိတ်ခုံကတော့ တော်တော်ကြမ်းတယ်၊ ဗုံးကတော့ ၂ လုံးချတယ်၊ စက်သေနတ်ကတော့ တော်တော်ပစ်သွားတာ” လို့ ပြောပါတယ်။
၂၀၂၄ ခုနှစ် ဩဂုတ်လမှာ မြင်းခြံခရိုင် အထူးစစ်ဆင်ရေးအဖြစ် ဒေသကာကွယ်ရေးအဖွဲ့တွေက နွားထိုးကြီး၊ မြင်းခြံ၊ တောင်သာမြို့နယ်တွေကို ပထမအကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပေမဲ့ စစ်ကောင်စီက မြို့ပေါ်နေရာတွေကို လက်မလွှတ်ဘဲ ထိန်းထားခဲ့တာပါ။
အဲဒီနောက်ပိုင်းမှာ မြင်းခြံမြို့အနီး နန်းမြင့်တောင်၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ ထိတွေ့မှုတွေ ဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီး လမ်းပိုင်းကို ထိန်းချုပ်ဖို့ စစ်ကောင်စီက အင်အားသုံးတိုက်ခိုက်တာတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။
သုတချမ်းသာ