
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် ကျေးရွာတချို့ကဒေသခံတွေကို စစ်တပ်က ရွာပြင်ထွက်ခွင့်မပေးဘဲ စားသောက်ကုန်ဝယ်ယူဖို့အတွက်ပဲ ထောက်ခံစာနဲ့ ထွက်ခွင့်ပြုတယ်လို့ သိရပါတယ်။
လေးမျက်နှာမြို့နယ်ထဲက တိုက်ပွဲမရှိတဲ့ကျေးရွာတွေဖြစ်တဲ့ စိန်ထောင်နဲ့ လှည်းထောက်ကွင်း ကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာထက်မနည်းက အရပ်သားတွေဟာ စားသောက်ကုန် ဝယ်ယူဖို့အတွက် စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတွေဆီမှာ ထောက်ခံစာလုပ်နေရတာလို့ ဆိုပါတယ်။
လေးမျက်နှာမြို့နယ် ဒေသခံတယောက်က “အုပ်ကြီးတွေဆီမှာ စားသောက်ကုန်ဝယ်ဖို့ ထောက်ခံစာလုပ်ရတာ။ ထောက်ခံစာမပါရင် ဝယ်ခွင့်မပေးဘူး။ ရွာကနေကို ထွက်ခွင့်မပေးတာ။ တပ်က စစ်ဆေးနေတာ” လို့ ပြောပါတယ်။
ထောက်ခံစာတကြိမ်လုပ်ရင် ကျပ် ၇,၀၀၀ အထိပေးရပြီး ငွေမပေးရင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ထောက်ခံစာလုပ်မပေးဘူးလို့ ဆိုပါတယ်။
ဒေသခံနောက်တယောက်က “ဒီဘက်မှာက တိုက်ပွဲတော့မဖြစ်သေးပါဘူး။ ဘာလို့အခုလို လုပ်တာလဲတော့မသိဘူး။ ထောက်ခံစာမပါရင် ရွာအပြင်ကိုပေးမထွက်တာ။ စစ်ကောင်စီတပ်က ကင်းလှည့်စစ်ဆေးနေတာ” လို့ ပြောပါတယ်။
လေးမျက်နှာမြို့နယ် အနောက်ဘက်ခြမ်းကျေးရွာတွေဖြစ်တဲ့ လှော်ကထား၊ အောက်စု၊ လယ်ဦးစု၊ လှည်းထောက်ကွင်း၊ ရေသိုးချောင်းကျေးရွာတို့ကို စစ်ကောင်စီက စစ်ဆေးရေးတင်းကျပ်ထားပြီး အခြေခံစားသောက်ကုန်ဝယ်ယူရေးပါ ခက်ခဲနေတယ်လို့ သိရပါတယ်။
လတ်တလောမှာတော့ လေးမျက်နှာမြို့နယ်ထဲက ပန်းတောကြီးကျေးရွာနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေကို PDF နဲ့ AA တပ်တွေရောက်ရှိ တပ်စွဲထားတယ်လို့ စစ်ကောင်စီတပ်က ဆိုပြီး လေကြောင်းနဲ့ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။