ရခိုင်ပြည်နယ်၊ မင်းပြားမြို့သိမ်းတိုက်ပွဲကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုတွေအထဲက လွှတ်ပေးလို့ရတဲ့ ၂၂၅ ဦးကို မေ ၁၆ ရက်နေ့မှာ အခမ်းအနားနဲ့ လွှတ်ပေးလိုက်တယ်လို့ အာရက္ခတပ်တော် AA နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါဟာ မင်းပြားတိုက်ပွဲအတွင်းကနေဖမ်းမိသူတွေကို ဒုတိယအကြိမ်လွှတ်ပေးတာဖြစ်သလို အခု လွှတ်ပေးလိုက်တဲ့သူတွေဟာ စစ်ကောင်စီထိန်းချုပ်မှုမရှိတော့တဲ့ လွတ်မြောက်နယ်မြေက သူတွေဖြစ်ပြီး လွှတ်ပေးလို့ရတဲ့သူတွေကို လွှတ်ပေးလိုက်တာလို့ AA နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ကလေးငယ်၊ အမျိုးသမီးတွေနဲ့ သက်ကြီးအိုရွယ်တွေကို သူတို့ရဲ့မိသားစုဝင်တွေလက်ကို အခမ်းအနားနဲ့ လွှအပ်လိုက်တာ။ အခု လွှတ်ပေးလိုက်သူအများစုကတော့ စစ်ကောင်စီကင်းစင် လွတ်မြောက်နယ်မြေတွေနဲ့ လုံခြုံမှုရှိတဲ့နေရာတွေကသူတွေကို ဦးစားပေးလွှတ်ပေးတာ” လို့ပြောပါတယ်။
လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေအထဲမှာ ကလေးငယ် အယောက် ၁၃၀ နဲ့ အမျိုးသမီး ၉၅ ယောက် ပါဝင်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၃ ရက်နေ့ကလည်း မင်းပြားမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းမိသားစုဝင် အယောက် ၁၇၀ ကို AA က လွှတ်ပေးခဲ့ပါသေးတယ်။
ရခိုင်တိုက်ပွဲမှာ AA ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းမိသားစုဝင် ထောင်နဲ့ချီရှိပြီ ပြန်လွှတ်ပေးတာ ၄ ကြိမ်ရှိပြီဖြစ်ပါတယ်။
မင်းပြားမြို့ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်နေ့မှာ AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ရခိုင်ပြည်နယ်တွင်းက ၁၄ မြို့နယ်ကို သိမ်းပိုက်ထားပါတယ်။