
ကရင်နီပြည်၊ ဒီးမော့ဆိုအနောက်ဘက်ခြမ်းမှာစစ်ရှောင်နေတဲ့ စိတ်ကျန်းမာရေးချို့ယွင်းနေသူ အမျိုးသမီးတယောက်ဟာ ၁၀ ရက်ကျော်ကြာပျောက်ဆုံးနေခဲ့ပြီး မေ ၁၆ ရက်နေ့မှာတော့ သူ့ရုပ်အလောင်းကို ပြန်တွေ့ခဲ့တယ်လို့ သိရပါတယ်။
အသက် ၆၀ ကျော်အရွယ် ဒေါ်နန်းယိင်းက မေ ၃ ရက်နေ့ကစလို့ နေအိမ်ကနေ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး စစ်ရှောင်နေတဲ့နေရာကနေ ၃ မိုင်လောက်ဝေးတဲ့နေရာမှာ ပြန်တွေ့ခဲ့တာဖြစ်ပါတယ်။
ဖြစ်စဉ်ကိုသိသူအမျိုးသမီးတယောက်က “လမ်းမနဲ့တော်တော်ဝေးတဲ့ တောထဲမှာပြန်တွေ့တာ၊ သူအရင်ကလည်း အဲလိုသွားတတ်လို့ တလလောက်တောင် ပျောက်ဖူးတယ်။ ဆင်တောင်ဘက်မှာ ပြန်တွေ့တာရှိတယ်။ လွိုင်ကော်ကို ပြန်သွားတာတို့ အဲလိုမျိုးတွေရှိတယ်။ ဘာလို့သေသွားလဲတော့ သေချာမသိဘူး။ အစားမစားဘဲ လမ်းပျောက်ပြီး အားပြတ်သေသွားတာလားပဲ” လို့ ပြောပါတယ်။
သူဟာ လွိုင်ကော်မြို့နယ်၊ ကုန်းသာဘက်ကနေ ဒီးမော့ဆိုအနောက်ခြမ်းကို စစ်ရှောင်နေတဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ အခေါက်တွေတုန်းကလည်း နေအိမ်ကနေထွက်သွားပြီး တလကျော်ကြာမှ ပြန်တွေ့တာတွေရှိတယ်လို့ မိသားစုဝင်ကတဆင့် သိရပါတယ်။
သေဆုံးအမျိုးသမီးရဲ့ ရုပ်အလောင်းကို မိသားစုဝင်တွေရဲ့ ခွင့်ပြုချက်နဲ့ အလောင်းတွေ့ရှိတဲ့နေရာမှာပဲ မီးရှို့သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။