DVB Logo
Home
မြန်မာသတင်း
ကျောက်ပန်းတောင်းမြို့နယ်၌ စစ်တပ်ကဗုံးကြဲ၊  မီးနေသည်အပါအဝင် အမျိုးသမီးများ သေဆုံး
DVB
·
May 17, 2025
ကျောက်ပန်းတောင်းမြို့နယ်၌ စစ်တပ်ကဗုံးကြဲ၊  မီးနေသည်အပါအဝင် အမျိုးသမီးများ သေဆုံး
1 / 4
Donate to DVB

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မေ ၁၄ ရက်မှာ လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်ပြုလုပ်ခဲ့လို့ မီးနေသည်အပါအဝင် အရပ်သားပြည်သူ  ၄ ယောက်သေဆုံးကာ လသားအရွယ်ကလေးငယ် ဒဏ်ရာရခဲ့သလို လူနေအိမ်လည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ပုပ္ပါးပြောက်ကျားတပ် (PPGF) ဒုတာဝန်ခံ ကိုဗျတ္တက “လေးပင်တောင်ရွာရဲ့ တောင်ပိုင်းကို ဗုံးကြဲခံခဲ့ရတာပါဗျ။ မနက် ၉ နာရီကျော်လောက်မှာ ၂ လုံး တကြိမ်နဲ့ နေ့လယ် ၂ နာရီလောက်မှာ ၂ လုံး တကြိမ် ပေါင် ၂၅၀ ဗုံး စုစုပေါင်း ၄ လုံးပါ။ ၂ လုံးကရွာထဲကျပြီးတော့ ကျန်တဲ့ ၂ လုံးက ရွာ့ပြင်ကချောင်းထဲကျပါတယ်။ တလုံးက ကိုဝင်းထွေးတို့ အိမ်ပေါ်တည့်တည့်ကျတာ။ ကလေးမွေးပြီးတာမကြာသေးတဲ့ မီးနေသည် တယောက်အပါအဝင်ပေါ့ ၄ ယောက်ဆုံးပါတယ်။ ဒဏ်ရာရတဲ့သူက ၂ ယောက်ပါ။ ပြင်းထန်ဒဏ်ရာရတဲ့သူ တယောက်ပါတယ်။ စိုးရိမ်ရပါတယ်” လို့ ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့်သေဆုံးသွားရသူတွေဟာ အသက် ၃၁ နှစ်အရွယ် ကိုဝင်း‌ထွေးနဲ့ သူ့ရဲ့ဇနီး မီးနေသည် မဝင်းသူဇာ၊  အသက် ၄၇ နှစ်အရွယ် ဒေါ်မြင့်မြင့်ဝေနဲ့ အသက် ၇၀ နှစ်အရွယ် ဒေါ်ဝင်းကြည်တို့ဖြစ်ကြပြီး တလသားကလေးငယ်ကတော့ ဒဏ်ရာအနည်းငယ်သာရရှိကာ မစိုးရိမ်ရဘူးလို့ သူက ဆက်ပြောပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း လူနေအိမ်တွေနဲ့ နွားတင်းကုတ်တွေအပါအဝင် အဆောက်အအုံ ၆ လုံးပျက်စီးသွားပြီး နွား ၂ ကောင်ပါ သေဆုံးသွားပါတယ်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံကိုရိုးက “လေးပင်တောင်ရွာက လူဦးရေ ၇၀၀ နီးနီးရှိတယ်။ အိမ်ခြေက ၃၀၀ ဝန်းကျင်လောက်ပေါ့ဗျာ။ တိုက်ပွဲဖြစ်တာမရှိသလို PDF စခန်းလည်း မရှိဘူး။ PDF ရဲဘော်တွေလည်း အခြေချနေထိုင်ကြတာမရှိပါဘူး။ စစ်တပ်ကကြဲချင်လို့ကြဲတယ်ဆိုတဲ့သဘောမျိုးနဲ့ကိုလုပ်သွားပြီး ပြည်သူကို သတ်ဖြတ်တာပါ”လို့  ပြောပါတယ်။

ဗုံးကြဲခံရတဲ့ အဆိုပါကျေးရွာကဒေသခံတွေကတော့ နောက်တကြိမ်ဗုံးလာကြဲမှာကို စိုးရိမ်ကြတဲ့ အတွက် ရွာလုံးကျွတ်နီးပါး ဘေးလွတ်ရာနေရာတွေကို ပြောင်းရွှေ့နေကြရပါတယ်။

စစ်ကောင်စီတပ်ဟာ ငလျင်ဘေးကြောင့် အခုမေလကုန်အထိ အပစ်အခတ်ရပ်စဲတယ်လို့ ကြေညာထားပေမဲ့ နေ့စဥ်နဲ့အမျှလေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013