
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်နဲ့ သရက်ချောင်းမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီဘက်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဆီက သိရပါတယ်။
မတ် ၁၅ ရက် နေ့လယ် ၁၂ နာရီလောက်မှာ စစ်ကောင်စီဘက်က ပုလောမြို့နယ်၊ ဇာဒီဝင်းရွာ ဆေးခန်းကို K8W လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။
ဒါ့အပြင် စစ်ကောင်စီဘက်က သရက်ချောင်းမြို့နယ်၊ ဘုတ်တောင်ပေါ်ရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ခွဲတခုရဲ့ စခန်းကို မေ ၁၅ ရက် နေ့လယ် ၂ နာရီလောက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဇာဒီဝင်းရွာ ဆေးခန်းမှာ ထိခိုက်မှုရှိပေမဲ့ အတိအကျ အတည်မပြုရသေးသလို ဘုတ်တောင်ပေါ်က KNLA စခန်းမှာတော့ ခရီးသည်ကားတစင်း ထိခိုက်ပြီး ကားသမားတယောက် မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ KNU မြိတ်-ထားဝယ် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောပါတယ်။
“စစ်ကောင်စီဘက်က သူတို့ နောက်ဆုံး လုပ်ဆောင်နိုင်တာက လေယာဥ်ခြိမ်းခြောက်မှုတခုပဲ လုပ်နိုင်တာ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ အခြေစိုက်တဲ့ နေရာကို ပစ်မှတ်ထားတယ်။ အဲဒါမက ပြည်သူတွေရဲ့ ဆေးရုံ ဆေးခန်းတွေနဲ့ ရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတယ်။ သူတို့က ပြည်သူလူထုကို ကြောက်ရွံ့ဖို့အတွက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေတယ်။”
ပြီးခဲ့တဲ့ ဧပြီလကုန်လောက်မှာ စစ်ကောင်စီဘက်က သရက်ချောင်းမြို့နယ်ထဲက မင်းဒပ်ရွာ၊ ကမြိုင်ရွာ၊ ဝဲရစ်ရွာနဲ့ ဝင်းကဖော်ရွာကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။