
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့ပေါ်နဲ့ ငလုံးတင်ရွာကို စစ်တပ်က မေ ၁၅ ရက် ညပိုင်းနဲ့ မေ ၁၆ ရက် မနက်ခင်းပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၇ ယောက် သေဆုံးခဲ့ပြီး ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ချောင်းဦးဒေသခံတွေဆီကနေ သိရပါတယ်။
စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်မှုကို ချောင်းဦးမြို့ အထိုင်စခန်းကနေ ပစ်ခတ်တာလို့လည်း သိရပါတယ်။
ဒေသခံရွာသားတယောက်က “မနေ့ည ၈ နာရီခွဲက ချောင်းဦးမြို့ပေါ်ကနေ လက်နက်ကြီးနဲ့ ၃ လုံးပစ်တာဗျ။ အဲလိုပစ်ခတ်လို့ ရွာပေါ်တည့်တည့်ကျပြီး လူနေအိမ် ၇ လုံး မီးလောင်တယ်။ မီးလောင်တဲ့အိမ်တွေက ကိုရင်ငယ်တပါး အပါအဝင် အမျိုးသား ၄ ဦး၊ အမျိုးသမီး ၂ ဦး စုစုပေါင်း ၆ ဦး သေဆုံးတယ်ဗျ။ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဒဏ်ရာရသူတွေကတော့ လုံခြုံရေးအရ မပြောတော့ပါဘူး။ နောက်ပြီး ဒီနေ့ မေလ ၁၆ ရက်နေ့ မနက်ခင်းပိုင်း ၈ နာရီမှာ ထပ်ပြီး ၄ လုံးပစ်တယ်၊ ၃ လုံးကတော့ ကျနော်တို့ရွာဆီ ပစ်တယ်။ ၃ လုံးက မနေ့ညကကျတဲ့ နေရာမှာ ထပ်ကျတယ်။ နောက်ထပ်တလုံးက ချောင်းဦးမြို့ထဲကျပြီး ၈ နှစ်အရွယ် မိန်ကလေးငယ်တဦး နေရာတင် သေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိတယ်” လို့ ပြောပါတယ်။
ငလုံးတင်ကျေးရွာဟာ ချောင်းဦးမြို့အရှေ့ဘက် တမိုင်ခန့်ကွာဝေးပြီး စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ဒေသခံတွေ နေရပ်စွန့်ခွာနေကြရတယ်လို့လည်း သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးရဲဘော်တယောက်က “ကျနော်တို့ ငလုံးတင်ရွာထဲကို ဒီမနက် ကယ်ဆယ်ရေး ဝင်လုပ်ပေးသေးတယ်။ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြန်ထွက်ပြေးခဲ့ရတယ်။ အလောင်းတွေလည်း မီးလောင်ထားတာ တွေ့ခဲ့ရတယ်” လို့ ပြောပါတယ်။
ချောင်းဦးမြို့ပေါ်က စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ မေ ၁၂ ရက်က မှန်ချိုရွာကို အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား အမျိုးသမီး ၂ ယောက် နေရာတင် သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူတယောက်လည်း ဆေးကုသခံယူရင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။