
ပြီးခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း စစ်ကောင်စီလေတပ်ရဲ့ လေကြောင်းကနေ ဗုံးကြဲပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ယောက် သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဒီကနေ့ မေ ၁၆ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ၂၀၂၅ မေ ၁၂ ရက်အထိ စစ်ကောင်စီလေတပ်က လေကြောင်းတိုက်ခိုက်မှု ၂,၆၇၉ ခု ပြုလုပ်ခဲ့ပြီး အဲဒီဖြစ်စဉ်အတွင်း ပြည်သူ ၃,၀၄၃ ယောက် သေဆုံးခဲ့ရကာ အသက် ၁၈ နှစ်အောက် ကလေးငယ် ၄၄၁ ယောက် ပါဝင်ခဲ့တာလို့ NUG က ထုတ်ပြန်ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် စာသင်ကျောင်း ၂၄၀၊ ဆေးရုံ၊ ဆေးခန်း ၉၆ ခုနဲ့ ဘာသာရေးအဆောက်အဦ ၄၃၅ ခု ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။
ငလျင်အပြီး ထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ တတိယအကြိမ် ယာယီအပစ်အခတ်ရပ်စဲရေး ကြေညာချက်တွေက ဟန်ပြထုတ်ပြန်ထားတာသာဖြစ်ပြီး လက်တွေ့မှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး တိုက်ခိုက်မှုတွေ၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေပါတယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စု ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲ စစ်ရာဇဝတ်မှုတွေမှာ အဓိကတာဝန်ရှိသူ စစ်ခေါင်းဆောင် အပါအဝင် စစ်အုပ်စုအပေါင်းအပါတွေနဲ့ သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနေကြတဲ့ စစ်တပ်လော်ဘီတွေ အားလုံးကို ဥပဒေနဲ့အညီ အပြစ်ပေး အရေးယူနိုင်ဖို့အတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်း အနေနဲ့ အရေးယူ ဖိအားပေး ဆောင်ရွက်မှုတွေကို ပြုလုပ်နိုင်ကြဖို့ တိုက်တွန်းပြောဆိုပါတယ်။
ဒါ့အပြင် NUG အနေနဲ့လည်း စစ်တပ်ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို နိုင်ငံတကာတရားရုံးတွေ၊ နိုင်ငံအလိုက် တရားရုံးတွေ အပါအဝင် ပြည်တွင်းတရားဥပဒေတွေနဲ့ပါ တရားမျှတမှု ဖော်ဆောင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG အစိုးရက ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
ကေခိုင်