DVB Logo
Home
မြန်မာသတင်း
မကွေးထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုဆိုးရွားလာ
DVB
·
May 16, 2025
မကွေးထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု ပိုဆိုးရွားလာ
Donate to DVB

မကွေးတိုင်း၊ မကွေးဗဟိုအကျဉ်းထောင်အနီး တိုက်ပွဲဖြစ်ပြီးတဲ့နောက် ထောင်တွင်းက အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေဘက်က အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဖိနှိပ်မှုတွေပို ပြီးလုပ်လာတယ်လို့ ထောင်တွင်းသတင်း အရင်းမြစ်တွေနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အခွင့်အရေးလူပ်ရှားသူတွေက ပြောပါတယ်။

မကွေးဗဟိုအကျဉ်းထောင်မှာ အကျဉ်းသားတွေရဲ့ အိပ်ဆောင်ခန်းကို ပိတ်ထားတာ ၁ လကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် လုပ်ဆောင် လာနေတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်က ပြောပါတယ်။

မကွေးအကျဉ်းထောင်နဲ့ ထောင်ရှေ့မှာ ဧပြီ ၁၃ ရက်က Drop Bomb ၂ လုံးကျရောက်ပေါက်ကွဲပြီး အကျဉ်းထောင်တွင်းတပ်သား တယောက် သေဆုံးခဲ့သလို အကျဉ်းဦးစီးဝန်ထမ်းတွေက အကျဉ်းထောင်တွင်း ပစ်ခတ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသား ၂ ယောက် သေဆုံးခဲ့ပြီး အကျဉ်းသား ၅ ယောက် ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အဲဒီဖြစ်စဉ်နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက တိုက်ပိတ် စစ်ဆေးတာတွေ၊ လူမဆန်စွာရိုက်နှက်နှိပ်စက်တာတွေ၊ အိပ်ဆောင်ခန်းပိတ်တာတွေ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လာနေတာပါ။

မကွေးအကျဉ်းထောင် သတင်းရင်းမြစ်တယောက်က “မကွေးဗဟိုအကျဉ်းထောင်မှာ အိပ်ဆောင်အခန်း မဖွင့်ပေးတာ ဒီနေ့ဆိုရင် ၁ လကျော်ကြာပါပြီ။ ထောင်ဝင်စာတွေကိုလည်း ကန့်သန့်ချက်နဲ့ သွင်းရလို့ ထောင်ထဲက အကျဉ်းသားတွေ စားရေး သောက်ရေး ခက်ခဲနေကြပါတယ်။ မိသားစုနဲ့ ဧည့်တွေ့ခွင့်မရတာလည်း တလကျော်ကြပါပြီ၊ အဆိုးဆုံးကတော့ သောက်ရေသန့် မရရှိတာပါပဲ။ သောက်ရေသန့်မရှိတော့ ဆီးကျောက်တည်တဲ့ လူတွေများလာတာပေါ့။ ထောင်ထဲမှာက နေ့စဉ်လိုလို လူ့အခွင့်အရေးတွေ ချိုးဖောက်ခံရတယ်။ သူတို့ကြည့်မရသူတွေကို ခြေခြင်းခတ်တာတွေ၊ ဖားခုန် ခုန်ခိုင်းတာတွေ၊ ရိုက်တာတွေကို ဦးစီးအရာရှိ မင်းလွင်ဦးက အပျင်းပြေလုပ်နေတာပါ၊  အကျဉ်းသားတွေ နှိပ်စက်နေရရင်ကို မင်းလွင်ဦးက ပျော်ရွှင်နေတာပါ”လို့ ပြောပါတယ်။

ဧပြီ ၂၇ ရက်ကလည်း နိုင်ငံရေးအကျဉ်းသား အစ္စလာမ်ဘာသာရေး ခေါင်းဆောင် ကိုမြတ်ကို ကို အကျဉ်းထောင်အာဏာပိုင်တွေက ပြစ်ဒဏ်တိုက်မှာ လူမဆန်စွာ ရိုက်နှက်လို့  အသက် သေဆုံးခဲ့ရပါတယ်။

ဒါ့အပြင် ရိုက်နှက်နှိပ်စက်ခံခဲ့ရလို့ အပြင်းအထန်ဒဏ်ရာရရှိနေတဲ့ အကျဉ်းသားတွေလည်း အများအပြားရှိနေပြီး ဆေးကုသခွင့်မရရှိဘူးလို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ဆိုးဆိုးရွားရွားလုပ်ဆောင်နေတဲ့အပေါ် ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောပါတယ်။

“မကွေးအကျဉ်းထောင်ကတော့ ထောင်ရဲ့အနီးအနားမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးကတည်းက အကျဉ်းထောင်ကို လုံခြုံရေးတင်းကျပ်မှုတွေ၊ ဖိနှိပ်မှုတွေကို ဆိုးဆိုးဝါးဝါးနဲ့ကို စနစ်တကျလုပ်ဆောင်နေတာပါ။ အဲတော့ ပါဝင်တဲ့သူတွေကို ရိုက်နှက် နှိပ်စက်ပြီးမေးမြန်းတာ၊ တိုက်ပိတ်တာ၊ ပါဆယ်ဖြတ်တောက်တာတွေလည်း လုပ်ဆောင်နေပါတယ်။ နောက်တခုက ဒီမှာ ကိုမင်းလွင်ဦး ဆိုတဲ့ လူပေါ့နော်၊ သူကတော့ မကွေးအကျဉ်းထောင်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့လူတယောက် ဖြစ်နေတယ်။  နိုင်ငံရေးအကျဉ်းသားတွေကို ဖိနှိပ်မှုတွေကိုလည်း ဆိုးဆိုးရွားရွား လုပ်ဆောင်နေတယ်။ ပြောချင်တာက ဒီလိုလုပ်ဆောင်မှုတွေမှာ ပါဝင်နေတဲ့သူတွေဟာ အကူးအပြောင်းကာလမှာရော၊ အကူးအပြောင်းကာလမရောက်ခင် ဒီကြားကာလမှာရော ကျနော်တို့တွေ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပေးနိုင်ဖို့ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အကျဉ်းထောင်ထဲမှာရှိတဲ့ နိုင်ငံရေး အကျဉ်းသား / သူတွေကို ကျန်းမာရေး စောင့်ရှောက်မှုအပြည့်အဝပေးပါ။ နေထိုင်စားသောက်ရေးနဲ့ အကျဉ်းသားအခွင့်အရေးကို အပြည့်အဝပေးပါ။ ဖိနှိပ်မှုတွေကို လုံးဝမလုပ်ဖို့ ကျနော်တို့ကတော့ ပြင်းပြင်းထန်ထန် သတိပေးချင်ပါတယ်”လို့ ပြောပါတယ်။

အခုလို ထောင်တွင်းနိုင်ငံရေးအကျဉ်းသားတွေ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးတဲ့ ဖြစ်ရပ်တွေနဲ့အတူ လုံလောက်တဲ့ ဆေးကုသခွင့်မရလို့ သေဆုံးရတဲ့အခြေအနေတွေဟာ စစ်အာဏာသိမ်းကာလမှာ မရပ်သွားဘဲ ဆက်ဖြစ်နေဆဲပါ။

စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်ကလည်း အကျဉ်းထောင်တွေအတွင်း စစ်ဆေးနေကြောင်း ပြောနေပေမဲ့  ထောင်တွင်းလူ့အခွင့်အရေးနဲ့ အကျဉ်းသား အခွင့်အရေး ချိုးဖောက်ခံရတဲ့ကိစ္စတွေကို  ထုတ်ပြန်ပြောဆိုတာမရှိပါဘူး။

စစ်တပ်အာဏာသိမ်းချိန်ကစပြီး ၂၀၂၅ ခုနှစ်၊ ဧပြီ မေ ၁၅ ရက်အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ကောက်ယူရရှိထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံခဲ့ရသူ နိုင်ငံရေးအကျဉ်းသား စုစုပေါင်း ၂၉၁၄၈ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၆၆၈၂ ယောက်ရှိတယ်လို့ သိရပါတယ်။

ကေခိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013