
ရာနဲ့ချီတဲ့ ဘိုလီးဗီးယား ရွှေတွင်းလုပ်သားတွေဟာ မေ ၁၅ ရက်က မြို့တော် လာပက်ဇ်ရဲ့ လမ်းမတွေပေါ် ချီတက်ခဲ့ကြပြီး နိုင်ငံမှာ လက်ရှိကြုံနေရတဲ့ ဒေါ်လာငွေ ပြတ်လပ်မှုနဲ့ သူတို့ရဲ့လုပ်ငန်းကို ဆိုးဆိုးရွားရွား သက်ရောက်မှုရှိတဲ့ လောင်စာဆီ ပြတ်လပ်မှုကို ချက်ချင်း ဖြေရှင်းပေးဖို့ သမ္မတ လူးဝစ္စအားစ်ရဲ့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
သတ္တုတူးဖော်ရေး အသင်းအဖွဲ့အမျိုးမျိုးကို ကိုယ်စားပြုတဲ့ ဆန္ဒပြသူတွေဟာ အယ်လာတိုမြို့မှာ ဆန္ဒပြပွဲကို စတင်ခဲ့ပြီးနောက် အလယ်ပိုင်း လာပက်ဇ်ကို သွားခဲ့ကြပါတယ်။
အဓိကပြတ်လပ်မှုတွေကို ဖြေရှင်းပေးဖို့အပြင် သမဝါယမ ရွှေတူးဖော်ရေးစနစ်ကို တရားဝင် အသိအမှတ်ပြုပေးဖို့နဲ့ အစိုးရရဲ့ ပြည်သူ့မူဝါဒ မူဘောင်ထဲမှာ ပါဝင်ထည့်သွင်းပေးဖို့တွေကိုလည်း မိုင်းလုပ်သားတွေက တောင်းဆိုကြပါတယ်။
မြောက်ပိုင်း လာပက်ဇ်မြို့ ရွှေတူးဖော်ရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ ရာအူးလ် ဆီလ်ဗာက “စက်ပစ္စည်းတွေ၊ ကိရိယာတွေ၊ အပိုပစ္စည်းတွေကို ဒေါ်လာနဲ့မှ ဝယ်ယူလို့ရမှာ ဖြစ်ပေမဲ့ ကံမကောင်းစွာဘဲ ကျနော်တို့မှာ တခုမှမရှိတာကြောင့် မှောင်ခိုဈေးကွက်ကို သွားရမှာ ဖြစ်ပါတယ်။ အဲဒီမတည်ငြိမ်မှုက ပြဿနာတခုပါ” လို့ ပြောပါတယ်။
ဘိုလီးဗီးယားရဲ့ စီးပွားရေးဟာ ဒေါ်လာဈေးပေါ်မှာ အခြေခံနေတာကြောင့် ဘိုလီးဗီးယားမှာ ဒေါ်လာတန်ဖိုး ပျောက်ကွယ်သွားခဲ့ပြီး စီးပွားရေးက ပိုဆိုးရွားလာနေတယ်လို့လည်း မြို့ခံ ဒါမီယန် ဂူတီယာရက်ဇ်က ပြောပါတယ်။
ဆန္ဒပြပွဲမှာ မိုင်းလုပ်သားတွေအပြင် ကုန်သည်အုပ်စုတွေလည်း ပါဝင်ပြီး မြို့တွင်းကို ချီတက် တောင်းဆိုခဲ့ကြကာ အခြေခံကုန်ပစ္စည်းဈေးနှုန်းတွေ တက်လာတာကိုလည်း ဆန္ဒပြခဲ့ကြတာပါ။
ဘိုလီးဗီးယားနိုင်ငံဟာ ၂၀၂၃ ခုနှစ် အစောပိုင်းကတည်းက ဒေါ်လာရှားပါးမှုနဲ့အတူ ရုန်းကန်နေခဲ့ရပြီး နိုင်ငံရဲ့ အသားတင် နိုင်ငံတကာ အရန်ငွေတွေ သိသိသာသာ ကျဆင်းတာနဲ့ သဘာဝဓာတ်ငွေ့ တင်ပို့မှုမှ ၀င်ငွေကျဆင်းတာတွေနဲ့လည်း တိုက်ဆိုင်ပါတယ်။
Source: Reuters