အိုးတိန်တွင်းရွာစာသင်ကျောင်း အပါအဝင် လေကြောင်းတိုက်ခိုက်မှုတွေအတွက် တာဝန်ယူ တာဝန်ခံဖို့ ဒေသစံတော်ချိန် မေ ၁၅ ရက် မွန်းလွဲပိုင်းက အမေရိကန်ပြည်ထောင်စု၊ မြို့တော်ဝါရှင်တန်ဒီစီရှိ မြန်မာသံရုံးနဲ့ တရုတ်သံအမတ်နေအိမ်ရှေ့တို့မှာ မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြပါတယ်။
အိုးတိန်တွင်းရွာ ဖြစ်စဉ်အပါအဝင် လေကြောင်းတိုက်ခိုက်တာတွေနဲ့ မြေပြင်စစ်ကြောင်းထိုးပြီး အကြမ်းဖက် သတ်ဖြတ်နေတာတွေကိုမျက်ကွယ်ပြုပြီး မြန်မာသံရုံးဝန်ထမ်းတချို့ဟာ စစ်ကောင်စီလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်နေတာကို ကန့်ကွက်ရှုတ်ချ ကြောင်း မြန်မာ့အရေးတက်ကြွလှုပ်ရှားသူတွေက ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာပါဝင်သူတယောက်က "သံရုံးဝန်ထမ်းတွေ အလံဖြူထောင်ပြီး ပြည်သူ့ဘက်ကိုကူးပြောင်းဖို့အချိန်တန်နေပါပြီ" လို့ ပြောပါတယ်။
ပြည်သူကိုပစ်မှတ်ထားတိုက်ခိုက်နေတဲ့ စစ်ကောင်စီကို နောက်ကွယ်က အကူအညီပေးနေတဲ့ တရုတ်အစိုးရမှာလည်း တာဝန်ရှိနေပြီး ပြည်သူတွေထိခိုက်သေဆုံးမှုတွေမှာ တာဝန်ခံဖို့ ဒီစီမြန်မာသံရုံး အရှေ့မှာရှိတဲ့ တရုတ်သံအမတ်နေအိမ်ရှေ့မှာလည်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေက ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
Save Myanmar- USA အဖွဲ့ဝင် ဦးရင်အေးက "စစ်ကောင်စီဘက်က ပေါ်ပေါ်ထင်ထင်ရပ်တည်လာတဲ့ တရုတ်အစိုးရမှာတာဝန်ရှိပါတယ်။ ဒီအကြမ်းဖက်မှုတွေအတွက် သူတို့တာဝန်ခံရပါမယ်" လို့ ပြောပါတယ်။
မေ ၁၂ ရက်က စစ်ကောင်စီလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာက ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေနဲ့ ဆရာမတွေ အပါအဝင် ပြည်သူ ၂၀ ကျော်သေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့ပါတယ်။