DVB Logo
Home
မြန်မာသတင်း
လစာတိုးမြှင့်ရေး ဆန္ဒပြနေသည့် ချန်းရိဖိနပ်စက်ရုံက အလုပ်သမားများ ပြေလည်မှုမရသေး
DVB
·
May 16, 2025
လစာတိုးမြှင့်ရေး ဆန္ဒပြနေသည့် ချန်းရိဖိနပ်စက်ရုံက အလုပ်သမားများ ပြေလည်မှုမရသေး
Donate to DVB

လုပ်ခလစာတိုးမြှင့်ပေးဖို့အတွက် ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆,၀၀၀ ကျော် ဆန္ဒပြနေတာ ၃ ရက်အထိ ရှိလာပေမဲ့ စက်ရုံဘက်က ပြန်လည်ဖြေရှင်းပေးတာမရှိတဲ့အတွက် ပြေလည်မှုမ ရသေးဘူးလို့ အလုပ်သမားတွေဆီက သိရပါတယ်။

ဒီကနေ့ မနက်မှာ အလုပ်ရှင်ဘက်က အလုပ်သမားတွေကို စက်ရုံထဲ ပေးမဝင်တာတွေ၊ အပြင်ကနေ အိမ်ပြန်လွှတ်တွေရှိပေမဲ့ စက်ရုံထဲရောက်နေတဲ့ အလုပ်သမားတွေကတော့ ဆက်လက်ဆန္ဒပြပြီး ရသင်တဲ့ အခွင့်အရေးတွေကို တောင်းဆိုနေတယ်လို့ အလုပ်သမားတယောက်က DVB ကို ပြောပါတယ်။

“ဒီနေ့ မနက်ဆို စက်ရုံထဲ ပေးမဝင်တာတွေ၊ ပြန်လွှတ်တာတွေရှိတယ်။ အဲ့လိုလုပ်ရင် ပြီးသွားမယ် ထင်တာ။ အထဲမှာရောက်နေတဲ့ အလုပ်သမားတွေက ထိန်းမရဘူး၊ စက်ရုံထဲမှာ ဆန္ဒပြကြရော၊ တိကျတဲ့ အဖြေမရမချင်း ဆန္ဒပြမှာ။” 

မေ ၁၄ ရက်နဲ့ ၁၅ ရက်က အလုပ်ရှင်နဲ့ အလုပ်သမားဘက်က ကိုယ်စားလှယ်အချို့ ညှိနှိုင်းခဲ့ပေမဲ့ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေ လျစ်လျူရှုပြီး လုပ်ငန်းခွင်ပြန်လည်ဝင်ရောက်ရေးကိုသာ ပြောဆိုခဲ့တဲ့အတွက် ပြေလည်မှု မရတာလို့ နောက်ထပ်အလုပ်သမားတယောက်က DVB ကို ပြောပါတယ်။ 

“၁၄ ရက်နေ့ကတည်းက အလုပ်ရှင်ဘက်က ၅ ရက်စောင့်ပါ၊ တနင်္လာနေ့ ဖြေရှင်းပေးမယ်ပေါ့။ အဲ့နေ့ သေချာလားဆိုတော့ မရေရာဘူး။ မနေ့ကဆို ညှိနှိုင်းနေရင်းနဲ့ မန်နေဂျာက သူ့လူကို ပြောခိုင်းတယ်၊ လုပ်နိုင်တဲ့သူလုပ် မလုပ်နိုင်ရင် ထွက်ဆိုပြီး အဲ့လိုပြောတော့ အလုပ်သမားတွေက ပေါက်ကွဲကုန်ရော။”

ချန်းရီဖိနပ်စက်ရုံက အလုပ်သမား ၆,၀၀၀ ကျော်ဟာ တရက်လုပ်ခ ၇,၂၀၀ ကို ၁၂,၀၀၀ ပေးဖို့၊ တနာရီကို ၁,၆၅၀ ကျပ်ကနေ ၂,၀၀၀ ပေးဖို့၊ ရက်မှန်ကြေး ၂၀,၀၀၀ ကနေ ၄၀,၀၀၀ ပေးဖို့ လုပ်သက်ငါးနှစ်ရှိတဲ့ ဝန်ထမ်းတွေကို ၂၀,၀၀၀ တိုးပေးဖို့ စတဲ့အချက်တွေကို စက်ရုံထဲမှာ မေ ၁၄ ရက် မနက်က ဆန္ဒပြတောင်းဆိုနေကြတာပါ။

အနော်ရထာစက်မှူဇုန် ဆိပ်ကမ်းသာလမ်းမှာ ဖွင့်ထားတဲ့ ချန်းရီ Tsang Yih ဖိနပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသား ပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား အမျိုးသား၊ အမျိုးသမီးဝန်ထမ်း ၆,၀၀၀ ကျော်နဲ့ လည်ပတ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013