
ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမှာ မိုးဆက်တိုက်ရွာပြီး ရပ်ကွက်တချို့က လမ်းတွေထဲ ရေကြီးရေလျှံလို့ အုတ်တံတိုင်းပြိုတာတွေ ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မေ ၁၅ ရက် နေ့လယ်ပိုင်းက စပြီး မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြောင်းရေလျှံပြီး ဦးကြီးခမ်းရပ်ကွက် ဂုဏ်ထူးလမ်းက နေအိမ် အုတ်တံတိုင်း ပြိုကျခဲ့ပါတယ်။
မြို့ခံတယောက်က “စ ရွာတာကတော့ ၃ နာရီလောက်ကစပြီး ရွာတာ၊ မိုးကြီးတာကတော့ ၃ နာရီလောက် ကြာမယ်၊ နောက်ပိုင်းတော့ မိုးဖွဲဖွဲပဲ ၇ နာရီလောက်အထိ။ Aurora cafe ရှေ့မှာ ရေတွေမြုပ်နေတာ၊ အုတ်တံတိုင်းတွေလည်း ပြိုတယ်။ Ocean အရှေ့ဘက် ငါးတန်းနားလည်း ရေကြီးတယ်” လို့ ပြောပါတယ်။
တောင်ကြီးမြို့က ရပ်ကွက်တွေဖြစ်တဲ့ ရတနာသီရိ၊ ညောင်ဖြူစခန်း၊ ပြည်တော်သာ၊ ဦးကြီးခမ်းနဲ့ Ocean အနီးတဝိုက်က နေရာတချို့မှာ ရေကြီးရေလျှံနေပြီး ရေက ဒူးနားအထိရောက်ကာ ရေစီးလည်း သန်တယ်လို့ သိရပါတယ်။
ဂုဏ်ထူးလမ်းက နေအိမ်တိုင်းကို ရေတွေ ဒူးနားတဝိုက်ထိ ဝင်ရောက်နေပြီး အုတ်တံတိုင်းပြိုတာ၊ လမ်းကို ရေကျော်တာတွေပါ ဖြစ်နေတယ်လို့ သိရပြီး ဆိုင်ကယ်နဲ့ ကားတွေပါ သွားလာရ ခက်ခဲတယ်လို့ ဆိုပါတယ်။
အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ဖို့လည်း လိုသလို စည်ပင်သာယာအနေနဲ့လည်း စွန့်ပစ်အမှိုက်တွေကို စနစ်တကျသိမ်းဆည်းပြီး မြောင်းတွေထဲက အမှိုက်တွေကိုလည်း သိမ်းဆည်းမှသာ ရေကြီးရေလျှံမှုတွေ လျော့နည်းသွားလိမ့်မယ်လို့ မြို့ခံတွေအချင်းချင်း အသိပေး ပြောဆိုနေကြပါတယ်။