
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့နယ်ရှိ မောကဝီးလေး စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက မေ ၁၆ ရက် မနက် ၆ နာရီလောက်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ကနေ သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် သောင်ရင်းမြစ်နဲ့ ကိုက် ၇၀ သာသာလောက်သာ ဝေးတဲ့နေရာမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းမှာ ခလရ ၂၄ က စခန်းထိုင်နေတာဖြစ်ပြီး KNLA ပူးပေါင်းတပ်တွေက မေ ၁၅ ရက်မှာ စနိုက်ပါတွေ၊ ဒရုန်းတွေနဲ့ အဆက်မပြတ် ပစ်ခတ်တဲ့အတွက် စခန်းတွင်းကနေ စစ်ကောင်စီတပ်သားတွေနဲ့ အရာရှိတွေ စခန်းကနေ ဆုတ်ခွာထွက်ပြေးသွားကြပါတယ်။
ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ လက်နက်ခဲယမ်းတွေ မသယ်ဆောင်နိုင်တဲ့အတွက် လက်နက်မျိုးစုံ စခန်းတွင်းမှာ ကျန်ရစ်ခဲ့လို့ KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းဆည်းရမိခဲ့ပါတယ်။
စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ဒေသခံတွေက အသက်အန္တရာယ် လွတ်မြောက်ရေးအတွက် ထိုင်းဘက်ကို စစ်ရှောင်ထွက်ပြေးကြတာ အယောက် ၄၀၀ ကျော် ရှိနေပြီဖြစ်ပါတယ်။
ထိုင်းနယ်စပ်နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံ ကရင်ပြည်နယ်ဘက်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း အနီးကပ် စောင့်ကြည့်နေပါတယ်။