
ပြင်သစ်အစိုးရရှေ့နေတွေဟာ ပါရီမြို့တော်က ဒစ်ဂျစ်တယ်ငွေကြေး စီးပွားရေးသမား တယောက်ရဲ့ သမီးကို မျက်နှာဖုံးစွပ်ဂိုဏ်းတဖွဲ့က ပြန်ပေးဆွဲဖို့ ကြိုးစားခဲ့တဲ့အမှုကို စုံစမ်းစစ်ဆေးနေပါတယ်။
ဒါဟာ လတ်တလောလပိုင်းအတွင်းမှာ ချမ်းသာကြွယ်ဝတဲ့ ခရစ်ပ်တိုလုပ်ငန်းသမားတွေနဲ့ သူတို့ရဲ့မိသားစုကို ပစ်မှတ်ထားတဲ့ အနည်းဆုံး ၃ ကြိမ်မြောက် တိုက်ခိုက်ခံရမှုဖြစ်ပါတယ်။
မေ ၁၃ ရက် မနက်ပိုင်းက လူစည်ကားတဲ့ ပါရီလမ်းမပေါ်မှာပဲ ပြောင်ပြောင်တင်းတင်း ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှု ဖြစ်ပွားခဲ့တာပါ။
လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေထားတဲ့ ဗီဒီယိုထဲမှာ မျက်နှာဖုံးစွပ် အမျိုးသား ၃ ယောက်ဟာ မြေပြင်ပေါ်မှာ လူ ၂ ယောက်နဲ့ နပန်းလုံးနေပြီး သူတို့ဘေးမှာလည်း ထွက်ပြေးဖို့ ပြင်ထားတဲ့ ဗင်ကားတစီး ရပ်ထားတာကို တွေ့ရပါတယ်။
အချိန်အတန်ကြာ ရုန်းကန်တိုက်ခိုက်မှုတွေအတွင်း အမျိုးသမီးကို ဆွဲတင်ဖမ်းဆီးဖို့ မအောင်မြင်ခဲ့ပြီးနောက် တိုက်ခိုက်သူတွေဟာ နောက်ဆုံးမှာ လက်လျှော့ကာ မောင်းထွက်သွားခဲ့ပါတယ်။
တိုက်ခိုက်သူတွေကို မီးသတ်ဆေးဘူးနဲ့ အမြန်ပြေးပြီး တားဆီးဖို့ ကူညီပေးခဲ့တဲ့ ပါရီမြို့ခံ ဆိုင်ပိုင်ရှင်ကို သူရဲကောင်းတယောက်အဖြစ် ဝိုင်းချီးကျူးခဲ့ကြပါတယ်။
ပြည်တွင်းမီဒီယာ သတင်းတွေမှာ ပြန်ပေးဆွဲခံရတဲ့ ပစ်မှတ်ဟာ ခရစ်ပ်တိုငွေကြေး အရောင်းအဝယ် ပလက်ဖောင်းတခုရဲ့ စီအီးအိုရဲ့ အသက် ၃၄ နှစ်ရှိ သမီးဖြစ်ပြီး အဲဒီအချိန်တုန်းက သူ့မှာ အဖော်ပါတယ်လို့ ဆိုပါတယ်။
ပါရီအစိုးရရှေ့နေရုံးကတော့ ထိခိုက်နစ်နာသူတွေကို အမည်မဖော်ပြခဲ့ပါဘူး။ ပြန်ပေးဆွဲဖို့ ကြိုးပမ်းမှုကို စုံစမ်းစစ်ဆေးဖို့ အမှုဖွင့်ထားပြီးတော့ ပါရီရဲတပ်ဖွဲ့ရဲ့ ရာဇ၀တ်ဂိုဏ်း နှိမ်နင်းဖမ်းဆီးရေး ယူနစ်က ဆောင်ရွက်မှာဖြစ်ကြောင်း ပါရီအစိုးရရှေ့နေရုံးက ပြောပါတယ်။
ဒါ့အပြင် ဗီဒီယိုဖိုင် မျှဝေတာကိုလည်း ဝေဖန်ခဲ့ပြီး နစ်နာသူတွေရဲ့ ဒုက္ခကို ပိုတိုးစေတယ်လို့လည်း ဆိုပါတယ်။
Source: Reuters