ပြင်သစ်မှာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ပြုလုပ်တဲ့ လူထုဆန္ဒပြပွဲတွေ ပြီးဆုံးခါနီးအချိန်မှာ နိုဝင်ဘာ ၅ ရက် ညပိုင်းမှာ မြို့တော် ပါရီရဲ့ နာစီယွန် ရင်ပြင်ထဲကို ဆန္ဒပြသူ သောင်းနဲ့ချီပြီး စုဝေး ရောက်ရှိလာခဲ့ကြပါတယ်။
ကုန်ဈေးနှုန်း၊ ပြည်သူ့ဝန်ဆောင်မှုတွေနဲ့ ပညာရေးကဏ္ဍဆိုင်ရာ မကျေနပ်မှုတွေကနေ စတင်ခဲ့တဲ့ ဒီဆန္ဒပြပွဲတွေဟာ ပြင်သစ်မှာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး ပြည်တွင်းမငြိမ်မသက်မှုကို ဖြစ်ပေါ်စေခဲ့တာပါ။
အခုလို နိုင်ငံတဝန်း ဆန္ဒပြပွဲတွေနဲ့ အစိုးရဝန်ထမ်းတွေရဲ့ သပိတ်မှောက်မှုကို လက်ဝဲယိမ်း CGT အပါအဝင် အလုပ်သမားသမဂ္ဂတွေက နှိုးဆော်ခဲ့တာဖြစ်ပြီး ကျောင်းသားအဖွဲ့အစည်းတွေကလည်း ထောက်ခံပါဝင်ထားကြပါတယ်။
အာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်အရ တနိုင်ငံလုံး အတိုင်းအတာ ဆန္ဒပြပွဲတွေမှာ ပါဝင်သူ အရေအတွက်ဟာ ၆ သိန်းလောက်ရှိပြီး လက်ဝဲယိမ်း CGT အလုပ်သမားသမဂ္ဂရဲ့ စာရင်းအရ ၁ ဒသမ ၆ သန်းအထိ ရှိခဲ့ပါတယ်။
ဒီမငြိမ်မသက်မှုတွေဟာ သမ္မတရွေးကောက်ပွဲ မကျင်းပမီ ၅ လအလိုမှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
အဲဒီရွေးကောက်ပွဲ ဒုတိယအဆင့် မဲခွဲပွဲမှာ လက်ယာစွန်းဝါဒီ ကိုယ်စားလှယ် မာရင်း လီပန်နဲ့ လက်ဝဲစွန်းဝါဒီ ပြိုင်ဘက် ယွန်းန်-လုခ် မီလွန်ရွှန်တို့ ထိပ်တိုက်တွေ့ဆုံဖွယ် ရှိနေပါတယ်။
လက်ရှိ ဒုတိယသက်တမ်း တာဝန်ထမ်းဆောင်နေပြီး လူထုထောက်ခံမှု နည်းပါးနေတဲ့ ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန် ကတော့ နောက်တကြိမ် ရွေးကောက်ပွဲ ထပ်မံအရွေးခံပိုင်ခွင့် မရှိတော့ပါဘူး။
Source: Reuters











