
ပြင်သစ်နိုင်ငံတဝန်း အခုတပတ်အတွင်းပျံ့နှံ့ဖြစ်ပွားလာနိုင်တဲ့ ဆန္ဒပြပွဲတွေ မတိုင်မီ၊ နိုဝင်ဘာ ၄ ရက်မှာ အထက်တန်းကျောင်းတွေကို ပိတ်ဆို့ထားတဲ့ ကျောင်းသားတွေနဲ့အတူ ရပ်တည်တယ်လို့ ပြင်သစ်တက္ကသိုလ်ဝင် စာမေးပွဲတွေအတွက် ပြင်ဆင်နေတဲ့ ကျောင်းသားတွေက ပြောလိုက် ပါတယ်။
အလုပ်သမားသမဂ္ဂတွေက အလုပ်သမားတွေ၊ ပင်စင်စားတွေနဲ့ ကျောင်းသားတွေအနေနဲ့ နိုဝင်ဘာ ၅ ရက်မှာ နိုင်ငံတဝန်း သပိတ်မှောက်ပြီး ဆန္ဒပြကြဖို့ တိုက်တွန်းထားပါတယ်။
သူတို့က နေထိုင်မှုစရိတ် မြင့်လာတဲ့ ပြဿနာကို ဖြေရှင်းပေးဖို့ အစိုးရကို တောင်းဆို ထားကြ ပါတယ်။
အသက် ၁၉ နှစ်အရွယ် ကျောင်းသူ အာမဲလ်ခက်ရင်မ်က ရဲတပ်ဖွဲ့ဝင်တွေ ရှိနေလို့ ခြိမ်းခြောက်ခံရတဲ့ အခြေအနေမျိုး ရှိပေမဲ့ ကျောင်းသားတွေအနေနဲ့ ဆက်ပြီး ဆန္ဒပြနေတယ်လို့ ပြောပါတယ်။
"ကျမတို့ရဲ့ အသံကို ကြားစေဖို့အတွက် တိုက်ပွဲဝင်ရပြီး အကြမ်းဖက်မှုတွေကိုပါ ခံစားနေရတယ် ဆိုတာ ပုံမှန်အခြေအနေမျိုး မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့လက ပြင်သစ်နိုင်ငံမှာဖြစ်ခဲ့တဲ့ ဆန္ဒပြပွဲတွေဟာ ရဲတပ်ဖွဲ့နဲ့ အကြမ်းဖက် ထိပ်တိုက် တွေ့တာ တွေ၊ မြို့ကြီးအများအပြားမှာ ဆိုင်တွေကို ဖျက်ဆီးလုယက်တဲ့ အဓိကရုဏ်းတွေအထိ ပြင်းထန် သွားခဲ့တာပါ။
ဒီဖြစ်ရပ်တွေဟာ လွှတ်တော်ထဲမှာ အမတ်နေရာ အများစုမရထားတဲ့ သမ္မတ အီမန်နျူယယ် မက်ခွန်းရဲ့ အစိုးရအဖွဲ့အတွက် စိန်ခေါ်မှုတရပ် ဖြစ်လာခဲ့ပါတယ်။
ဆန္ဒပြပွဲတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ရဲတပ်ဖွဲ့က တုတ်တွေ၊ မျက်ရည်ယိုဗုံးတွေ၊ ရာဘာ ကျည်ဆန်တွေနဲ့ ပစ်ခတ်တဲ့ သေနတ်တွေကို သုံးပြီး အလွန်အမင်း ကြမ်းတမ်းပြင်းထန်တဲ့ နည်းလမ်း နဲ့ တုံ့ပြန်ခဲ့တယ်လို့ ဝေဖန်ခံနေရပါတယ်။
Source: Reuters











