
မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ကို အဖွဲ့ဝင်နိုင်ငံတွေ အားလုံးက သူတို့တနိုင်ငံချင်းရဲ့ စုစုပေါင်း ပြည်တွင်းထုတ်ကုန် GDP ရဲ့ ၂ ရာခိုင်နှုန်းကို ဇွန် ၂၄ ရက်ကနေ ၂၅ ရက်အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေး မတိုင်မီ ထည့်ဝင် ပေးအပ်ဖို့ ရည်မှန်းထားတယ်လို့ NATO အကြီးအကဲ မတ်ခ် ရူတေက ပြောလိုက်ပါတယ်။
မေ ၁၅ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အလွတ်သဘောတွေ့ဆုံပွဲ မတိုင်မီ တူရကီနိုင်ငံ တောင်ပိုင်း အန်တာလျာပြည်နယ်မှာ ကျင်းပတဲ့ NATO နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်တဲ့ မေ ၁၄ ရက် ညစာစားပွဲမှာ ဖွင့်ပွဲမိန့်ခွန်းအတွင်း ခုလိုပြောလိုက်တာပါ။
ယူကရိန်းနဲ့ ဂါဇာကမ်းမြောင်ဒေသတွေမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်းခြောက်ခံနေရတာကြောင့် အလွတ်သဘော နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံမှုဟာ အချိန်မီတယ်လို့ တူရကီ နိုင်ငံခြားရေးဝန်ကြီး ဟာခန် ဖီဒန်က ပြောပါတယ်။
NATO အကြီးအကဲ ရူတေ ကတော့ ဗုဒ္ဓဟူးနေ့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ စီဘီဟာနဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။
ယူကရိန်းဟာ တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီ ဦးတည်ဆောင်ရွက်နေလို့ NATO ရဲ့ ဆက်လက်ပံ့ပိုးကူညီမှုကို ယူကရိန်းအနေနဲ့ အားကိုးနိုင်ပါတယ်လို့ ရူတေက ဆီဘီဟာနဲ့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး X လူမှုကွန်ရက်မီဒီယာပေါ်မှာ ရေးခဲ့ပါတယ်။
ရုရှားက ရှေ့တန်းတလျှောက် ဆက်လက်တိုက်ခိုက်နေပြီး အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ ဆက်လက်ငြင်းဆိုထားတယ်လို့လည်း ဆာဘီဟာက ရူတေကို အသိပေးခဲ့တယ်လို့ X လူမှုကွန်ရက်ပေါ်မှာ ရေးခဲ့ပါတယ်။
Source: Reuters