DVB Logo
Home
နိုင်ငံတကာ
ဒရုန်းနှင့် စစ်မြေပြင်သုံး နည်းပညာသစ်များ NATO သရုပ်ပြ
DVB
·
October 31, 2026
Photo:Reuters
Photo:Reuters
Donate to DVB

မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ဟာ ဒရုန်းနဲ့ ဒရုန်းဖျက်စနစ်တွေ အပါအဝင် စစ်မြေပြင်သုံး နည်းပညာသစ်တွေကို လတ်ဗီးယားနိုင်ငံ၊ အာဒါဇီစစ်စခန်းမှာ အောက်တိုဘာ ၃၀ ရက်က ပြုလုပ်တဲ့ သရုပ်ပြပွဲမှာ စမ်းသပ်ခဲ့ပါတယ်။

NATO ရဲ့ မဟာမိတ်တပ်ဖွဲ့များဆိုင်ရာ အသွင်ကူးပြောင်းရေး အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ပီယာဗန်ဒီယာက ဒီပွဲဟာ ဆက်သွယ်ရေးစံနှုန်းတွေနဲ့ "ဒစ်ဂျစ်တယ် အခြေခံအုတ်မြစ်" အတွက် နောက်တဆင့်ကို ပြသလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

ပစ်မှတ်သတ်မှတ်ဖို့အတွက် သတင်းအချက်အလက်တွေကို ပေါင်းစပ်ရာမှာ 5G နည်းပညာကို အသုံးပြုခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် ဗန်ဒီယာက ဒစ်ဂျစ်တယ်စနစ်နဲ့ AI နည်းပညာသုံး အခြေအနေသုံးသပ်နိုင်စွမ်းတွေကြောင့် ဒရုန်းအုပ်စုတွေ အချင်းချင်း ချိတ်ဆက်ပူးပေါင်း လှုပ်ရှားနိုင်မှုကို ပထမဆုံးအကြိမ် အောင်မြင်စွာ ပြသနိုင်ခဲ့တာဖြစ်ကြောင်း ပြောပါတယ်။ 

ရုရှားနယ်စပ်ဘက်က ခြိမ်းခြောက်မှုတွေကို ကာကွယ်ဖို့ "စီ-ယူအေအက်စ်" ဒရုန်း တန်ပြန် တားဆီးရေးစနစ်တွေကို တပ်ဆင်ထားဖို့ လိုအပ်ကြောင်းနဲ့ "ဖျူးစ်"စနစ်ရဲ့ အကူအညီနဲ့ နောက်တနှစ် အတွင်း နေတိုးရဲ့ စစ်နည်းဗျူဟာနဲ့ နည်းပညာတွေ လုံးဝ အသွင်ပြောင်းသွားမှာဖြစ်ကြောင်းလည်း သူက ဆိုပါတယ်။

လတ်ဗီးယား ကာကွယ်ရေးဦးစီးချုပ် ကက်စပါစ် ပူဒန်စ်ကလည်း ဒီနည်းပညာတွေကို စမ်းသပ်မှု အဆင့်မှာတင် မထားတော့ဘဲ လက်ရှိစစ်ဆင်ရေးတွေမှာ အမြန်ဆုံး စတင်အသုံးပြုတော့မယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် အခုသရုပ်ပြပွဲမှာ ပြသခဲ့တဲ့ နည်းပညာတချို့ကို အရှေ့ဘက်နယ်စပ်မှာ စမ်းသပ်အဆင့် မဟုတ်တော့ဘဲ စစ်ဆင်ရေး ကင်းလှည့်မှုတွေမှာ လက်တွေ့ စတင်အသုံးပြုနေပြီလို့လည်း ထုတ်ဖော်ပြောပါတယ်။

နေတိုးဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် အေဂျင်စီ (NCIA) ရဲ့ ဝဘ်ဆိုက်ဖော်ပြချက်အရ ဒီသရုပ်ပြပွဲဟာ NATO က အောက်တိုဘာ ၁၉ ရက်ကနေ ၃၀ ရက်အထိ ပြုလုပ်နေတဲ့ဒီဂျစ်တယ် အခြေခံအုတ်မြစ်စမ်းသပ်မှုအစီအစဉ်  (DiBaX) စမ်းသပ်မှုရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။

ဒီနှစ်ရဲ့ စမ်းသပ်မှုဟာ မဟာမိတ်တပ်ဖွဲ့တွေ အချင်းချင်း ချိတ်ဆက်ဖို့၊ အချက်အလက်တွေ မျှဝေဖို့နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အထောက်အကူပြုတဲ့ ပေါင်းစပ်ဆော့ဖ်ဝဲ၊ ကွန်ရက်နဲ့ အခြေခံ အဆောက်အအုံတွေ ပါဝင်တဲ့ NATO ရဲ့ ဒီဂျစ်တယ် အခြေခံအုတ်မြစ်အပေါ် အဓိက အာရုံစိုက် ထားတယ်လို့ ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။ 

Source: Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013