
လစ်သူယေးနီးယားနိုင်ငံရဲ့ လေပိုင်နက်ထဲ အမျိုးအမည်မသိ ပျံသန်းနေတဲ့ အရာတခု ဝင်လာအပြီး အောက်တိုဘာ ၁၈ ရက် မနက်မှာ နိုင်ငံအလယ်ပိုင်းနဲ့ မြောက်ပိုင်းအစိတ်အပိုင်းတွေမှာ နေကြတဲ့ ဒေသခံတွေ ဘေးကင်းတဲ့နေရာတွေမှာ တနာရီလောက် ခိုလှုံနေကြဖို့ အစိုးရက ပြောပါတယ်။
အဲဒီပစ္စည်းက ပိုလန်နိုင်ငံဘက်ကနေ ဝင်လာတဲ့ ဒရုန်းတစင်း ဖြစ်နိုင်တယ်လို့ ကာကွယ်ရေးဝန်ကြီး ရိုဘတ်တပ်စ်ကောင်းနပ်စ်က သတင်းထောက်တွေကို ပြောလိုက်ပြီး ပိုလန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနဲ့ ပူးတွဲစုံစမ်းစစ်ဆေးဖို့ အဆိုပြုထားတယ်လို့လည်း ထပ်ပြောခဲ့ပါတယ်။
ပိုလန်စစ်တပ်ကလည်း သူတို့ လေပိုင်နက်ထဲကို အမည်မသိ အရာဝတ္ထုတခု ဝင်လာခဲ့တာ ရှိ၊ မရှိ စစ်ဆေး အတည်ပြုနေတယ်လို့ ပြောခဲ့ပါတယ်။
ရေဒါစနစ်တွေအရ ဒီအရာက နယ်စပ်ကိုဖြတ်ပြီး လစ်သူယေးနီးယားနိုင်ငံဘက် ဝင်သွားတာကို အတည်မပြုနိုင်သေးပေမဲ့ ပိုလန်တာဝန်ရှိသူတွေက လစ်သူယေးနီးယား အရာရှိတွေနဲ့ ဆက်သွယ်နေတယ်လို့ ပိုလန်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက နောက်ပိုင်းမှာ ပြောပါတယ်။
“အနီရောင်” အဆင့် သတိပေးချက် ထုတ်ပြန်ထားချိန်မှာ NATO တိုက်လေယာဉ်တွေကို အဲဒီဒေသဆီ အရေးပေါ် လွှတ်ခဲ့ရပြီး လစ်သူယေးနီးယားနိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့နားက ကောင်းနပ်စ်လေဆိပ်ကိုလည်း ယာယီပိတ်ထားခဲ့ရတယ်လို့ အကျပ်အတည်း စီမံခန့်ခွဲမှုစင်တာက ပြောပါတယ်။
ရာသီဥတုမကောင်းဘဲ တိမ်ထူနေလို့ NATO လေယာဉ်တွေက အဲဒီအရာဝတ္ထုကို မျက်မြင်အတည်ပြုနိုင်ခြင်း မရှိခဲ့သလို ပစ်ချဖို့ ကြိုးပမ်းခဲ့ခြင်းလည်း မရှိဘူးလို့ စင်တာက ပြောပါတယ်။
ရေဒါမျက်နှာပြင်ပေါ်ကနေ အဲဒီအရာ ပျောက်ကွယ်သွားပြီးတဲ့နောက် လစ်သူယေးနီးယားနိုင်ငံ မြောက်ပိုင်း ယွာဂျားနိစ်ရွာနားမှာ ဒရုန်း အစိတ်အပိုင်းတွေ ရှိ၊ မရှိကို လစ်သူယေးနီးယား စစ်တပ်ဝန်ထမ်းတွေက စုံစမ်းစစ်ဆေးနေပါတယ်။
Source: Reuters











