
နေပြည်တော်က ထွက်ရှိတဲ့ စိုက်ပျိုးရေးထွက်ကုန် ဖရဲသီးတွေ ပြည်တွင်းဈေးကွက်တခုတည်းကိုပဲ အားထားရောင်းချနေရတာကြောင့် ဈေးကောင်းမရ ဖြစ်နေတယ်လို့ ဖရဲစိုက်ပျိုးရေးလုပ်ငန်းရှင် တွေဆီကနေ သိရပါတယ်။
အရင်က နေပြည်တော်က ဖရဲသီးတွေကို ပြည်ပဈေးကွက်ဖြစ်တဲ့ စင်ကာပူ၊ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာဖြစ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ပြည်ပဈေးကွက်ပျက်ပြီး တင်ပို့ရောင်းချနိုင်ခြင်း မရှိသေးတာနဲ့ ပြည်တွင်းမှာလည်း သယ်ယူတင်ပို့စရိတ်တွေ ကုန်ကျမှုများ လာတာကြောင့် ဈေးကောင်းမရ ဖြစ်နေတာလို့ သိရပါတယ်။
လယ်ဝေးမြို့နယ်က ဖရဲစိုက်ပျိုးရေး လုပ်ငန်းရှင်တယောက်က “ဖရဲသီးဈေးကွက်က တော်တော်လေး ထိုးကျနေတယ်။ အခုက ပြည်တွင်းဈေးကွက်တခုပဲ ရှိတော့ ဈေးမရ ဖြစ်တာပေါ့။ ပြည်တွင်းဈေးကွက် တခုတည်းနဲ့ ဘာမှကို လုပ်မရဘူး။ ပြည်တွင်းမှာလည်း အရင်လို ဝယ်ယူတဲ့ ဒေသတွေကို မတင်ပို့နိုင်ဘူး။ စက်သုံးဆီ အခက်အခဲကြောင့်လေ။ ဒါ့ကြောင့် ရတဲ့ဈေးနဲ့ ရောင်း နေရတာ” လို့ ပြောပါတယ်။
ပြည်တွင်းဈေးကွက်မှာ ဖရဲသီးဈေးအနေနဲ့ တလုံးကို ကျပ် ၃,၀၀၀ ကနေ ၉,၀၀၀ ကျော်အထိသာ ဈေးရှိပြီး အရင်က ဖရဲသီးတလုံးကို ငွေကျပ် ၄,၅၀၀ ကနေ ၂၅,၀၀၀ အထိ အရွယ်အစားအလိုက် ဈေးပေါက်တယ်လို့ ဆိုပါတယ်။
နေပြည်တော် တပ်ကုန်းမြို့နယ်က ဖရဲသီးရောင်းဝယ်ရေး ပွဲရုံလုပ်ငန်းရှင်တယောက်က “ဖရဲသီး ဈေးကွက်က ပျက်နေတော့ လုပ်လို့ကိုင်လို့ အဆင်ပြေဘူး။ မြေငှားရမ်းစိုက်ပျိုးကြရတော့ ပိုဆိုးတယ်။ ပိုးကျ ပျက်စီးလို့ ဆုံးရှုံးရတာနဲ့ ဈေးမရတာနဲ့ အမျိုးမျိုးပဲ” လို့ ပြောပါတယ်။
နေပြည်တော်မှာ ဖရဲသီးစိုက်ပျိုးထုတ်လုပ်တဲ့လုပ်ငန်းကို တပ်ကုန်းမြို့နယ်၊ ပျဉ်းမနားမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ် စတဲ့ မြို့နယ်တွေက အဓိက စိုက်ပျိုးကြတယ် လို့ သိရပါတယ်။
ဒါ့အပြင် ဖရဲသီးစိုက်ပျိုးရေးလုပ်ငန်းရှင်တွေအနေနဲ့ ဈေးကောင်းမရ ဖြစ်နေတဲ့အပြင် အစာဖိုး၊ ဆေးဖိုးတွေ၊ ဖရဲအသီးတင်ဖို့ ကျွေးရတဲ့ သွင်းအားစုစရိတ်တွေ အဆမတန် ဈေးထိုး တက်နေတာ ကြောင့် အရင်လို အသုံးမပြုနိုင်တဲ့အတွက် အသီးအထွက်နှုန်းတွေလည်း ကျဆင်းနေတယ်လို့ ဆိုပါတယ်။











