DVB Logo
Home
မြန်မာသတင်း
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်း ၈၀,၀၀၀ စုဆောင်းပြီး ကမ္ဘာ့စံချိန်တင်မည်
DVB
·
May 16, 2025
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ဆုတောင်း ၈၀,၀၀၀ စုဆောင်းပြီး ကမ္ဘာ့စံချိန်တင်မည်
Donate to DVB

လူထုခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် အချိန် ၁၀ ရက်အတွင်းမှာ မွေးနေ့ဆုတောင်း စုစုပေါင်း ၈၀,၀၀၀ ကို စုဆောင်းပြီး ကမ္ဘာ့စံချိန်တင်မယ့် အစီအစဉ် လုပ်ဆောင်ဖို့ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ် ကင်မ်အဲရစ် (ခ) ကိုထိန်လင်းက DVB ကို ပြောပါတယ်။

၂၀၂၅ ဇွန် ၁၉ ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ ပြည့်မွေးနေ့ အမှတ်တရ ကမ်ပိန်းအစီအစဉ် ၂ ခု ပြုလုပ်မှာဖြစ်တယ်လို့ SUU 80 ကမ်ပိန်းက ထုတ်ပြန် ကြေညာထားပါတယ်။

ပထမအစီအစဉ်အနေနဲ့ မွေးနေ့ဆုတောင်း Electronic Birthday ကတ်တွေကို မေ ၁၉ ရက်မှ ဇွန် ၁၉ ရက်အထိ  ရောင်းချပေးမှာဖြစ်ပြီး နိုင်ငံတကာမှ SUU 80 Campaign official fundraiser တွေထံမှာ တရားဝင်မှာယူနိုင်မယ်လို့ ဆိုပါတယ်။

မွေးနေ့ကတ်မှာတော့ မွေးနေ့ဆုတောင်းတွေကို ရေးသားပေးပို့နိုင်ပြီး မွေးနေ့ ကတ်တွေကို ကိုထိန်လင်းက သိမ်းထားမှာဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြန်လည်တွေ့ခွင့်ရတဲ့အခါ ပေးအပ်သွားမယ်လို့သိရပါတယ်။

မွေးနေ့ကတ်ရောင်းချတာကနေရရှိတဲ့အလှူငွေတွေကိုတော့  ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အမှတ်တရအနေနဲ့ မြေပြင်ရှိ အကူအညီလိုအပ်နေတဲ့ နေရာတွေကို လှူဒါန်းသွားဖို့ရှိတယ်လို့ ကမ်ပိန်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒုတိယ အစီအစဉ်အနေနဲ့တော့ မွေးနေ့ဆုတောင်း Short video message စုစုပေါင်း ၈၀,၀၀၀ ကို စုဆောင်းပြီး ကမ္ဘာ့စံချိန်တင်မယ့် အစီအစဉ်ဖြစ်ပါတယ်။ ဇွန် ၆ ရက်မှ ဇွန် ၁၆ ရက်အထိ  အချိန် ၁၀ ရက်အတွင်းမှာ စုဆောင်းသွားမှာဖြစ်ပါတယ်။ 

ဗီဒီယိုပေးပို့နိုင်ဖို့ code ကိုတော့ SUU 80 Campaign official fundraiser တွေထံမှ တောင်းယူကြရမှာဖြစ်ပြီး ဒီအတွက် ငွေကြေးတစုံတရာ ထည့်ဝင်ဖို့မလိုအပ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ကို  ချစ်ခင်လေးစားသူတိုင်း  ပါဝင်နိုင်တယ်လို့ ဖိတ်ခေါ်ထားပါတယ်။

ကမ်ပိန်းရဲ့နောက်တဆင့်အနေနဲ့ မွေးနေ့ဆုတောင်းဗီဒီယိုနဲ့ Electronic Birthday ကတ်တွေ အများဆုံးရတဲ့ ပုဂ္ဂိုလ်အဖြစ် ကမ္ဘာ့စံချိန်တင်အောင် ကြိုးစားနေတာလို့  ကိုထိန်လင်းက DVB ကို ပြောပါတယ်။

“ကျနော်ကိုယ်တိုင်လည်း ၈ ရက်အတွင်း ကီလိုမီတာ ၈၀ ပြေးဖို့စိတ်ကူးထားပါတယ်။ ဒီအတွက် ပံ့ပိုးမှုတွေရဖို့လည်း မျှော်လင့်ပါတယ်။ ဒါမှသာ (မြန်မာပြည်သူတွေကို) လူသားချင်းစာနာမှုအကူအညီတွေ ပိုမိုပေးအပ်နိုင်မှာပါ။ ဒီပြေးပွဲကို မွေးနေ့မတိုင်ခင် လုပ်သွားမှာဖြစ်ပြီး ၁၇ ရက်နေ့လောက်မှာ အဆုံးသတ်မယ်လို့ စိတ်ကူးပါတယ်။” 

မကြာသေးခင်ကလည်း မြန်မာအနုပညာရှင်တွေဖန်တီးထားတဲ့ ပန်းချီကားပုံတွေပါတဲ့ ပြက္ခဒိန်အခု ၈,၀၀၀ ကို ရောင်းချခဲ့တာ အချိန်တိုအတွင်း ရောင်းကုန်သွားခဲ့ပါတယ်။ 

အသက် ၈၀ အရွယ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်း စစ်တပ်က  ပုဒ်မ ၁၄ ခုနဲ့ တရားစွဲပြီး  ထောင်ဒဏ်စုစုပေါင်း  ၂၇ နှစ်ချမှတ်ကာ နေပြည်တော်မှာ အကျဉ်းချထားတာဖြစ်ပြီး ရှေ့နေအပါအဝင် ထောင်ဝင်စာတွေ့ခွင့်မပေးဘဲ ပြင်ပနဲ့ အဆက်အသွယ်ဖြတ်ထားတာပါ။

စစ်အစိုးရအဆက်ဆက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုတကြိမ်နဲ့ဆိုရင် ၄ ကြိမ်မြောက် အဖမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိအချိန်အထိ နေအိမ်အကျယ်ချုပ်အပါအဝင် အကျဉ်းထောင်ထဲမှာ နေရတဲ့အချိန်ဟာ စုစုပေါင်း အနှစ် ၂၀ နီးပါး အထိရှိနေပြီဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013